ငွေရှာနည်းနှင့်ပတ်သက်သောပို့များ

Wednesday, June 19, 2013

အမည်မရှိ တေးတစ်ပုဒ်

အခန်း (၁)
“သားရေ မောင်မောင် ဖုန်းလာနေတယ်” ။
စိတ်တိုစရာ ကောင်းလိုက်တာ။ ဘယ်သူများလဲ။ အိပ်ချိန်ကြီးကို။ ဖုန်းမြည်သံတော့ ကြားလိုက်သည်။ အရမ်း အိပ်ချင်နေတာကြောင့် မထမိ။ မေမေရဲ့ အသံကြားမှ တာဝန် မကျေသလို ခံစားလိုက်ရသည်။ ကျွန်တော့်ဖုန်းတဲ့။ ကျွန်တော့် လက်ကိုင်ဖုန်းကို ဆက်ပါတော့လား။ ဘာလို့ အိမ်ဖုန်းကို ဆက်ရတာလဲ။ အချိန်မဟုတ် အခါမဟုတ်။ အမေတို့ အိပ်ပျက်အောင် လုပ်တယ်။ စိတ်တိုတိုနဲ့ ဖုန်းရှိရာသို့ သွားလိုက်သည်။
ဟလို ”
ကျွန်တော့်အသံက တော်တော်လေး မာနေသည်။ မာမှာပေါ့ စိတ်တိုနေတာလေ။ တစ်ဖက်က ပြောလိုက်တဲ့ အသံကြောင့် စိတ်တိုနေတာလေးတောင် ပျောက်သွားခဲ့သည်။ တုန်တုန်ရီရီနဲ့ ချွေးများတောင် စို့လာသည်။ ကြောက်လန့်စိတ်ကလည်း ကျွန်တော့်ရင်ထဲသို့  ၀ုန်း- ဆို တိုးဝင်လာသည်။ တစ်ဘက်က ဖုန်းပြောပြီး ချသွားသည်။ ဟုတ်- ဆိုတဲ့ စကားတစ်လုံးသာ ကျွန်တော့်ပါးစပ်မှ ထွက်ကျသွားခဲ့သည်။ ပါးစပ်ပိတ်နေလို့ မဟုတ်။ အဟောင်းသား ပွင့်နေပါလျှက် စကားလုံးတို့က ထွက်မလာခဲ့။ ဆွံ့အနေခဲ့သည်။ တစ်ဘက်က ပြောသူမှာ …. ရွာက နှင်းနှင်းရဲ့ အမေ ဒေါ်နှင်းဆီဖြစ်သည်။ သူပြောသွားတာက
သားလေး နှင်းလေး ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်လို့။ သားနာမည်ကိုပဲ ခေါ်နေတာ။ ဖြစ်နိုင်ရင် လာပေးပါ သားရယ်။ အန်တီတို့ မကြည့်ရက်လို့ပါ။ ကူညီပါနော်” - တဲ့။
နာရီ ကြည့်လိုက်သည်။ ည ၁၂း ၃၄ မိနစ်။ အိပ်ချင်စိတ်လည်း မရှိတော့။ အိပ်လို့လည်း ရမှာ မဟုတ်တော့ဘူး။ ငိုချင်သလို ၀မ်းနည်းသလိုလိုနဲ့။ ရင်ထဲမှာ ဘယ်လို ခံစားရမှန်းမသိဘူး။ ဒါနဲ့ မေမေ့ကို နှိုးပြီး ခရီးသွားဘို့  ပြောပြလိုက်သည်။ မနက်မှ သွားဘို့ မေမေက တားနေသည်။ ဘယ်လောက်အရေးကြီးတယ်ဆိုတာ မေမေ မသိ။ သိအောင်လည်း မပြောချင်။ မေမေသာ သိရင် အရမ်း ခံစားရလိမ့်မယ်။ ချက်ခြင်းပဲ ထွက်လာခဲ့သည်။ တော်သေးသည် ဆိုင်ကယ် ဆီ အပြည့်ရှိနေလို့။ နောက်ပြီး ဗူးကြီးတစ်ဗူးကို ဆီအပြည့်ဖြည့်လိုက်သည်။ လိုအပ်ရင် အသုံးပြုနိုင်အောင်ဖြစ်သည်။ ၀ူးးးးးးးးး- ဆို မောင်းထွက်လိုက်တဲ့ ကျွန်တော့်ကို မေမေ စိတ်ပူနေပေလိမ့်မည်။ စိတ်ပူရင်မောပြီး ကျန်နေခဲ့လိမ့်မည်။ ခွင့်လွှတ်ပါ မေမေ။ မေမေ အရမ်းချစ်တဲ့ နှင်းနှင်းလေ။ သူ အက်ဆီးဒင့်ဖြစ်နေတာတဲ့။ သားကို ခွင့်လွှတ်ပါ မေမေရယ်။ မေမေ စိတ်မကောင်းဖြစ်မှာ စိုးလို့ မပြောပြခဲ့တာပါ။ ကျွန်တော့်မျက်စိထဲမှာ နှင်းနှင်းရဲ့ မျက်နှာလေးပဲ မြင်ယောင်နေမိသည်။ ကျုံးဘေးက သင်္ကြန်မဏ္ဍပ်များကို မြင်လိုက်တော့ နှင်းနှင်းကို ပိုလို့ ပိုလို့ သတိရမိသည်။ သတိရလိုက်တာ နှင်းရယ်။ စိတ်ပူလိုက်တာ။ နင် ဘာမှ မဖြစ်ပါစေနဲ့။ မန္တလေး စစ်ကိုင်း မုံရွာ ပြီးတော့ ပြီးတော့ ပြီးတော့။ မြို့တွေ။ ညနက်ချိန်မို့ ထင်ပါရဲ့။ အိပ်မောကျနေလိုက်တာ။ တိတ်ဆိတ်လို့။ အိပ်နိုင်သူတွေ အိပ်နေကြပေမဲ့ သွားလာနေသူတွေလည်း လှုပ်လှုပ်ရွရွ သွားလာနေကြသည်။ ကျွန်တော်လည်း မအိပ်နိုင်သူ တစ်ယောက်။ သာမာန်သွားလာ လှုပ်ရှားနေတာမျိုးမဟုတ်။ ရင်ဘတ်ကြီးတစ်ခုလုံး မီးဟုန်ဟုန်တောက်ပြီး ပြေးနေသူ။ စိတ်မောနေသူ။ မြန်လွန်းတဲ့ အရှိန်ကြောင့် တိုက်ခတ်လားတဲ့ လေတွေက ကြမ်းတမ်းလွန်းသည်။ တမင်များ ကြမ်းပြနေရော့ သလား။ အိပ်မောကျနေတဲ့ သစ်ပင်များက ကျွန်တော့်ကို မကြည်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြသည်။ မတတ်နိုင်။ သူတို့ကို တမင် နှောက်ယှက်လိုစိတ် မရှိခဲ့တာ အမှန်။ ကြယ်လေးတွေက ကျွန်တော့်ကို အဖော်ပြုပေးနေသည်။ ကျေးဇူးပါ ကြယ်လေးတို့ရယ် ငါ့ကို ကြည့်နေပေးပါ။ စောင့်ရှောက်ပေးကြပါနော်။ ရိတ်ခနဲ ရိတ်ခနဲ ဖြတ်ကျော်လာခဲ့တဲ့ မိုင်တွေ မနည်းတော့ဘူး။
အခန်း (၂) 
“ဟလို”
“ပြောပါ”
“မောင်မောင်လား”
“ဟုတ်ပါတယ်၊ ဘယ်သူလဲ မသိဘူး”၊
“၀ါဝါ ပါ”၊
“အော် ၀ါဝါ ၊ အေးပြော၊ နင် ဘာတွေလုပ်နေတာလဲ၊ ဖုန်းမဆက်တာတောင် ကြာပြီနော်။ ဘဲဘဲတွေနဲ့ ပျော်ပြီး ငါ့ကို မေ့နေတယ် ထင်တယ်”။
“မောင်မောင်နော်၊ လျှောက်လျှောက်မပြောနဲ့၊ မေမေနဲ့ မမသိရင် ငါ့ကို သတ်နေဦးမယ်”၊
“အေးပါ စတာပါ၊ နင် ခုမှ ဘာအရူးထပြီး ဖုန်းဆက်တာလဲ”၊
“မမက ဖိတ်စာကဒ်တို့ လိပ်စာကဒ်တို့ လုပ်နည်းရယ်၊ ဓာတ်ပုံပြင်နည်းရယ် သိချင်လို့တဲ့၊ သင်တန်းတက်မယ်ဆိုရင်လည်း အချိန်က အကြာကြီး မပေးနိုင်ဘူးလေ၊ သူက အဓိကအချက်လေးတွေ သိချင်တာ၊ ပြီးမှ သူ့ဘာသာ ဆက်ပြီး လေ့လာမယ်တဲ့၊ အဲဒါ နင်အားရင် ကူညီပေးပါဦး ”။
“အော် အေးပါ၊ ငါ သိသလောက်တော့ ရပါတယ်”၊
“တကယ်နော်၊ မမက … နေ့မှာ လာမှာ၊ နင့်ဆီ လွှတ်လိုက်မယ်နော်”၊
“အေးအေး”၊
“မောင်မောင် အကုန်သင်ပေးလိုက်နော်”၊
“ဟားးးးးးးးးး တကယ်လား”
“ဟာ နင်ကလည်း သူသိချင်တဲ့ ကွန်ပျူတာဆိုင်ရာကို ပြောတာ၊ ပေါက်ကရ တွေးမနေနဲ့”၊
“ခိခိ ၊ အေးပါဟ၊ ငါကလည်း အဲဒါကို ပြောတာပါ၊ နင့်ဘာသာ လိုရာဆွဲတွေးမနေနဲ့”၊
“အံမယ် နင်က ပြောရတယ် ရှိသေး၊ အဲဒါဆို ဒါပဲ၊ မမလာရင် နင့်ဆီ လွှတ်လိုက်မယ်”၊
“အေးအေး”၊
ဒီလိုနဲ့ နောက် (၅) ရက်လောက် ကြာတော့ နှင်းနှင်းရောက်လာသည်၊ ဆွေမျိုးမတော်ပေမဲ့ ခင်သည်၊ ရွာက ဆွေမျိုးများနဲ့လည်း နှင်းနှင်းတို့မိသားစုက ခင်မင်ရင်းနှီးသည်၊ ရောက်လာတယ်ဆိုရင်ပဲ သူသိချင်သည့် အချက်များကို ပြောပြ သင်ပြပေးရသည်။ ကျွန်တော်ပြောသမျှကို ဗလာစာအုပ်လေးနဲ့ လိုက်ရေးသည် မှတ်ထားသည်။ သူ့ရဲ့ နေပုံထိုင်ပုံ ၀တ်ပုံ ပြောပုံဆိုပုံကို သဘောကျလို့ ကျွန်တော် ပြုံးမိလိုက်တိုင်း သူက
“ဘာရယ်တာလဲ၊ မသိလို့ မှတ်ပါတယ်ဆိုမှ၊ ရှက်လာပြီနော်” - လို့ ပြောတတ်သည်။
ချစ်စရာအမူအရာလေးနဲ့ ကလေးလေး တစ်ယောက်လိုပဲ။ မေမေကလည်း နှင်းနှင်းကို သဘောကျသည်။ သမီးလေး သမီးလေးနဲ့။ ချစ်သည်။ နှင်းနှင်းပျော်နေတာ မြင်ရ တွေ့ရတော့ ကျွန်တော် ပျော်မိသည်။ စိတ်ထဲမှာ တစ်မျိုးပဲ။ ရှော့ကတ်ကီးတွေကို အသုံးပြုတဲ့အခါ သူ့အတွက် တော်တော်လေး ခက်သည်။ သူ့လက်ချောင်းလေးတွေက နည်းနည်းတိုနေသည်။ ၀တုတ်တုတ်လေးတွေပါ။ သူ့ကို လက်တို- လို့ ခေါ်တိုင်း သူ့ဆီက မျက်စောင်းတစ်ချက် ရသည်။ ဒီလိုနဲ့ နေလာကြရင်း တစ်နေ့
“နှင်း နင်က ဘာလို့ သနပ်ခါး မလိမ်းတာလဲ”၊
“ဘာလို့လဲ”၊
“အော် ဘာမှပြော မဟုတ်ပါဘူး၊ နင့်မျက်နှာလေးကို သနပ်ခါးဖွေးဖွေးလေးနဲ့ မြင်ကြည့်မိလို့ပါ၊ ငါ မြင်ကြည့်တဲ့ ပုံစံလေးနဲ့ တစ်ထပ်တည်း ဖြစ်နေမယ် ထင်လို့လေ၊ မြင်ကြည့်ချင်တာပါ၊ သနပ်ခါး ဖွေးဖွေးလေးနဲ့ပေါ့”။
“လိမ်းတော့ လိမ်းတယ်။ ပါးပါးပဲ လိမ်းတာ၊ ထူထူကြီးဆို မနေတတ်လို့”။
“ဒါဆို နင့်ကို ငါပြောပြမယ်နော်။ သေချာ နားထောင်”၊
“ဘာပြောပြမှာလဲ”
“နားထောင်ကြည့်ပေါ့၊ သဘောကျရင် အပြင်မှာ တစ်ခုခု ၀ယ်ကျွေးနော်”၊
“ကဲ ဒါဆိုလည်း ပြော”
မိန်းမမှာ သွေးတဲ့၊ မိန်းကလေးဆိုတာ သွေးသား ကောင်းဘို့ သန့်ဘို့ လိုတယ်။ သနပ်ခါးရဲ့ သတ္တိက မိန်းကလေးတစ်ယောက်ရဲ့ အလှကို ပိုမိုသက်ဝင်စေနိုင်တယ်၊ ပြီးတော့ သနပ်ခါးရဲ့ ဓာတ်သဘာဝက သွေးသားကို သန့်စေတယ်၊ အရေပြား ရောဂါကိုလည်း အလိုလို ကာကွယ်ပေးနိုင်စွမ်းရှိတယ်၊ ပြီးတော့ အနံ့သက် ကောင်းမွန်စေတယ်။ အဲဒါကြောင့် သနပ်ခါးကို လိမ်းစေချင်တာ။ သနပ်ခါးစစ်စစ်ကို ပြောတာနော်”။
“အင်း ပါ။ ဘယ်သူက သနပ်ခါး အတုလိမ်းမှာလဲ၊ တကယ်ပဲတော့”
“ဘာရယ် ဘာရယ် တကယ်ပဲတော့ ဟုတ်လား ၊ အဲဒါမျိုးကြတော့ နင်က ချစ်စရာလေးပဲ ၊ ငါက နင့်ကို ပေစုတ်စုတ် ကောင်မလေး တစ်ယောက်လို့ပဲ မြင်နေတာ”။
“ဘာ နင်နော်”
“အော် နှင်း နင့်ဒါတွေက ရွှေအစစ်တွေလား”၊
သူ့လည်ပင်းက ကြိုးကို သေချာကြည့်ပြီး ပြောလိုက်သည်။ ဘယ်နေရာကို ကြည့်နေတယ် ထင်လဲ မသိဘူး။ သူ့မျက်လုံးတွေက နည်းနည်း ကြောက်နေသလိုပဲ။ နောက်မှ ကျွန်တော်လည်း အတွေးပေါက်ပြီး သူ့လက်ပေါ်က လက်ကောက်သုံးကွင်းကို ထိုးပြလိုက်သည်။
“အစစ်တွေပေါ့။ အတုတွေ ၀တ်မယ့်ရုပ်လား သေချာ ကြည့်ပြော ဟွန်း”။
“ဟာ နှင်းကလည်း၊ ငါက ရွှေရဲ့ သတ္တိလေးကို ပြောပြမလို့ပါ”။
“သိလှချည်းလား နင်က”
“ဒီလိုပါပဲ။ ဟဲဟဲ။ ထားပါတော့။ ရွှေကလည်း သနပ်ခါးလိုပဲဟ၊ ရွှေဝတ်ထားတယ်ဆိုရင် သွေးသားသန့်စေတယ်၊ အရေပြားရောဂါကို ကာကွယ်ပေးနိုင်တယ်။ ကြွားတာတော့ မကြိုက်ဘူး။ ဒါပေမဲ့ အိမ်မှာ နေတဲ့အခါဆိုရင်တော့ ရွှေအစစ်ကို ၀တ်ထားတာ ကောင်းတယ်။ ကျန်းမာရေးအတွက်လေ။ သနပ်ခါးလည်း လိမ်းထားတာ ကောင်းတယ်။ ကဲ လေများနေကြတယ်။ဒီလောက်နဲ့ ရပ်ကြအောင်။ ဒီနေ့ သင်ရမယ့်အရာတွေကို သင်ကြတာပေါ့”။
 နောက်တစ်နေ့ နှင်းရောက်လာချိန်မှာ ကျွန်တော် တော်တော်လေး ပျော်နေမိသည်။ သူ့ပါးပြင်မှာ သနပ်ခါး အဖွေးသား မြင်နေရလို့။ စာစီစာရိုက်သင်လိုက် ဓာတ်ပုံ ဘက်ဂရောင်းပြောင်းတာ ပုံပြင်တာ သင်လိုက်။ သူက မသိတာလေးတွေကို ရေးမှတ်လိုက်နဲ့ပေါ့။ နှင်းရဲ့ ပါးပြင်လေးကို လက်ကလေးနဲ့ ထိကြည့်ချင်သည်။ တို့ကြည့်ချင်သည်။ ဒါပေမဲ့ မထိရဲ မတို့ရဲခဲ့။ သူ စာရေး မှတ်နေတုန်း သူ့ပါးပြင်လေးနားထိ ကျွန်တော့်လက်က ရောက်သွားသည်။ သူက ထိတ်ကနဲ ကြည့်လိုက်သည်။ ကျွန်တော့်လက်က သူ့ပါးကို မထိ။ ရပ်နေ မိသည်။ ဘာဆက်လုပ်ရမှန်း မသိဘူး။ တစ်ယောက်ကို တစ်ယောက်ကြည့်နေမိကြသည်။
“မောင်မောင် အဲဒါ ဘာလုပ်တာလဲ”
သူ့အသံလေးက တုန်လှုပ်နေသည်။ သူ့ကို စကားပြန် မပြောမိ။ သူ့မျက်ဝန်းတွေကို စိုက်ကြည့်နေလိုက်သည်။ သူ မနေတတ်။ ပြန်တော့မယ်လို့ ပြောသည်။ ကျွန်တော့်ရင်ထဲမှာ ဟာ သွားသည်။ ဘယ်လို နေရမှန်းမသိ။ မထူးတော့ပြီမို့ ပြန်ဘို့ ပြင်နေတဲ့ သူ့ကို ဆွဲဖက်ရင်း သူ့ပါးလေးကို ဖွဖွလေး နမ်းလိုက်မိသည်။
“မောင်မောင် ငါ မကြိုက်ဘူးနော်၊ နောက်နေ့ မလာတော့ဘူး”
သူ့ကို ကြည့်နေရုံမှ တစ်ပါး ဘာစကားမှ မပြောမိ။ ကျွန်တော့်ရင်ခွင်ထဲက ရုန်းထွက်ဘို့ သူကြိုးစားသည်။ ဒါပေမဲ့ အရာ မထင်ခဲ့။ သူက ရုန်းလိုက်တိုင်း ကျွန်တော့်အနမ်းတွေသာ ရရ သွားသည်။ မတတ်နိုင်။ မ၀တဲ့ သနပ်ခါးနံ့လေးကို အကြိမ်ပေါင်းများစွာ နမ်းရှိုက်ပစ်လိုက်သည်။ ခြေသံ ကြားလို့ သူကံဆိုးသွားသည်။ ကျွန်တော့် အနမ်းတွေကို မရတော့ဘူးလေ။ ခိ။ မေမေ လာတာ။ စားစရာ လာပေးတာလေ။ ကျွန်တော်တို့ အမူအရာတွေက နည်းနည်းပျက်နေသည်။ မေမေက
“ဘာဖြစ်နေကြတာလဲ သားနဲ့ သမီးက၊ မျက်နှာလည်း မကောင်းပါလား”
“ဘာမှ မဖြစ်ပါဘူး မေမေ။ သားက သူ့မကြိုက်တာကို စလိုက်တာလေ။ အဲဒါ စိတ်ကောက်နေတာ”။
“အော် ဖြစ်ရမယ်။ ဒီကလေး နှစ်ယောက်ကတော့။ ကလေးလေးတွေ ကြနေတာပဲ။ စားလိုက်ကြဦး”။
မေမေ ပြန်သွားတော့ စကားလည်း မပြောဖြစ်ကြ။ ဆက်ပြီးလည်း မသင်ဖြစ်ကြ။ တစ်ယောက်နဲ့ တစ်ယောက် ရှိန်တိန်တိန် ပူတူတူတွေ ဖြစ်နေကြသည်။ ဘာမပြော ညာမပြောနဲ့ နှင်းက ပြန်သွားသည်။ စိတ်ပူလိုက်တာ။ အမြန်းမောင်းထွက်သွားတဲ့ နှင်းကို စိတ်ပူလို့ ရူးတော့မယ်ဗျာ။  နှင်းက သူ့ဦးလေးအိမ်မှာ တည်းတာပါ။ မိနစ်နှစ်ဆယ်လောက် မောင်းရသည်။ အိမ်ပြန်ရောက်လောက်တဲ့အချိန်ကို မှန်းပြီး ဖုန်းဆက်လိုက်သည်။ သူ ပြန်ရောက်နေပြီတဲ့။ ခုမှပဲ စိတ်အေးရသည်။ ရင်မောလိုက်တာ နှင်းရယ်။
အခန်း (၃) 
ဒီနေ့ မလာတော့ဘူးတဲ့။ လွမ်းလိုက်တာ။ သူ့ကို မနမ်းပါဘူး။ လာပေးပါလို့ တောင်းတောင်းပန်ပန်နဲ့ ပြောတော့ သူစဉ်းစားမယ်တဲ့။ ကျွန်တော်သူ့ကို ဘယ်လောက်ထိ လွမ်းနေ သတိရနေတယ်ဆိုတာ သူမသိဘူး။ သူလည်း သတိရနေတယ် ထင်ပါရဲ့။ ညနေပိုင်းမှာကျွန်တော့်ဆီကို ရောက်လာခဲ့တယ်။ ပျော်လိုက်တာဗျာ။ ဒါပေမဲ့ သူ့ကို မနမ်းတော့ပါဘူး။ သူ့ပါးက သနပ်ခါးလေးကို ကြည့်ရင်း ကြည်နူးနေခဲ့ရတာပေါ့။ ဒီလိုနဲ့ နေလာလိုက်တာ ၇- လောက်ရှိသွားပြီ။ မနက်ဖြန်ဆို သူပြန်တော့မှာပဲ။ ကျွန်တော်လွမ်းရပြီ။ ဘယ်လို လုပ်ရမလဲ မသိ။ မေမေ့ကို ပြောကြည့်သည်။ မေမေက သူလည်း နှင်းကို ချစ်တယ်တဲ့။ သမီးအရင်းလိုကို ချစ်တာတဲ့။ အဆင်ပြေသွားပြီ။ နှင်းလာရင် ဖွင့်ပြောမည်။ ကျွန်တော်အရမ်းပျော်နေသည်။ ဒါပေမဲ့ နှင်းက တော်တော်နဲ့ ရောက်မလာဘူး။ ရွာအတွက် လိုအပ်တာတွေ သွားဝယ်နေတာတဲ့။ သူရောက်လာတော့ ညနေ တော်တော်လေး အချိန်လင့်နေပါပြီ။ လာနှုတ်ဆက်တာပါတဲ့။ ကျွန်တော် ဘာစကားမှ မပြောနိုင်တော့ဘူး။ ရောက်တယ်ဆိုရင်ပဲ သူ့ခါးလေးကို တင်းကျပ်နေအောင် ဖက်ထားလိုက်သည်။ မြွေမြို ခံထားရတဲ့ ဖားလေးလို ရုန်းရှာသည်။ သနားတော့ သနားမိသား။ သူ့ပါးက သနပ်ခါးလေးများကို တစ်မှုန်ခြင်း ပဲ့ချွေနေမိသည်။ သူမျက်ဝန်းတွေက မျက်ရည်ဥလေးတွေ တွဲခိုလာသည်။ သနားမိသည်။ မေးကြည့်တော့
“ဘာလို့ အဲလိုလုပ်တာလဲ။ နှင်းကိုယ့်ကျင့်တရားကို စော်ကားသလို ခံစားရတယ်။ နှင်းကို အထင်သေးပြီး အခွင့်အရေး ယူနေသလိုပဲ”။
“ဟာ မဟုတ်ရပါဘူး နှင်းရယ်။ တကယ်ကို မြတ်မြတ်နိုးနိုးနဲ့ နမ်းခဲ့တာပါ”။
“ချစ်တယ်လည်း မပြော၊ ကြိုက်တယ်လည်း မပြောပဲနဲ့”၊
“အော် နှင်းရယ်။ ငါ့မျက်ဝန်းတွေကတိုင် ငါ့ရင်ထဲအထိ ကြည့်ကြည့်ပါလား”။
“မကြည့်ချင်ပါဘူး။ နင်က ငါ့ကို တစ်ချိန်လုံး ကြည့်နေတာ”။
“အဲဒါ ဘာလို့ ကြည့်တာလဲ သိလား”
“မသိတတ်ဘူး”
“တကယ်လား”
“အင်း”
“နင်ကသာ မသိတတ်တာ။ ငါက နင့်ကို လွမ်းတယ်ဟ။ သတိရတယ်။ နင်ပြန်သွားမှာကို တားထားချင်တယ်”။
“ရွာလာခဲ့”
“နှင်း သင်္ကြန်လာခဲ့ပါလား”
“မလာချင်ဘူး၊ ရွာလာခဲ့”
“နင် လာကြိုမှာလား”
“အင်း”
“နင် မောင်းရမှာနော် ၊ ငါက အငြိမ်ထိုင်လိုက်မှာ”
“ဟင် ပြောင်းပြန်ကြီး”
“မရပါဘူး။ ငါ နင့်ကို ခါးဖက်ထားချင်တာ၊
ဘယ်လိုလည်း၊ နင်လာကြိုမယ် နင်မောင်းမယ်ဆိုရင် ရွာလာခဲ့မယ်”
“အင်းပါ၊ လာခဲ့။ ငါပြန်တော့မယ်။ လွှတ်တော့။ ဦးလေးက နောက်ကျနေရင် ဆူနေအုံးမယ်။ နှုတ်ဆက်ဘို့ ခဏဆိုပြီး ထွက်လာတာ
“အင်းပါ။ နှင်း ငါနင့်ကို ချစ်တယ်”
“နင် တကယ် ပြောတာလား”
“တကယ်ပေါ့ဟ”
“ငါနင့်ကို စိတ်နာတယ် မောင်မောင်ရယ်။ ငါ့ကို ဘယ်ယောက်ျားလေးကမှ ထိဖူးတာ မဟုတ်ဘူး။ ထိဖူးတော့လည်း ရည်စားစကား တစ်ခွန်းမှ မပြောပဲ ထိခံလိုက်ရတယ်။ နမ်းခံလိုက်ရတယ်။ တွေးတွေးပြီး ငါ အရမ်း ငိုခဲ့ရတာ။ ဒါပေမဲ့ ငါနင့်ဆီကို လာချင်နေတယ် ဟ”။
ပြောပြောဆိုဆိုနဲ့ ငိုနေတဲ့ နှင်းကို ကျွန်တော့်ရင်ခွင့်ထဲမှာ ပိုလို့ ပိုလို့ ထွေးပွေ့ထားမိသည်။ သူ့မျက်ရည်များကို သုတ်ပေးနေမိသည်။ ကျွန်တော့်ကို သူသေသေချာချာကြည့်နေသည်။ သူ့နှုတ်ခမ်းလေးကို လက်မလေးနဲ့ ထိလိုက်ပြီး
“ရွာမှာတွေ့ရင် ငါ့ကို ချစ်တယ်လို့ ပြောပါနော်။ မေမေ့ကိုလည်း ပြောထားတယ်။ နင့်ကို ချစ်တဲ့အကြောင်းပေါ့။ နင် စဉ်းစားပါ။ စဉ်းစားပြီးရင် ငါ့ကို ချစ်တယ်ဆိုတဲ့ စကားလေးကို လေးလေးနက်နက် ပြောပေးပါ။ အဲဒီအချိန်ကြရင် နင့် ဒီနှုတ်ခမ်းလေးကို ငါ့ကို အပိုင်ပေးပါနော်”။ ကျွန်တော့်အသံတွေ တုန်ခါနေသည်။ နှစ်ကိုယ်ကြား ကြားရုံလေးသာ။ သူက ဘာမှ ပြန်မပြော။ ကျွန်တော့်ရင်ထဲကတိုင် အတင်းရုန်းထွက်ပြီ ပြန်သွားသည်။ ညရောက်တော့ ကျွန်တော် ဖုန်းဆက်လိုက်သည်။ သူ့စကားသံတွေက နည်းနည်း စိမ်းနေသလိုပဲ။ “မောင်မောင် နင့်ကို ငါ လက်ခံလိုက်ရင် ငါ့ကို တစ်မျိုးမြင်ကြ မလားမသိဘူး။ ငါ့ကို ပတ်ဝန်းကျင်က ပြောမှာ ကြောက်တယ်။ ငါ ခံနိုင်မှာ မဟုတ်ဘူး။ ငါ့ စိတ်တွေ ဘယ်လိုဖြစ်နေမှန်း မသိဘူး။ ငါ့စိတ်တွေ ငြိမ်မှ နင့်ကို ဖုန်းပြန်ဆက်လိုက်မယ်နော်။ နင့်ကို ဖုန်းဆက်ခဲ့မယ်ဆိုရင် နင့်ကို ချစ်တယ်လို့ အဖြေရော ပါပြီးသားလို့ နင် မှတ်ယူနိုင်ပါတယ်။ ခုတော့ ငါ နားတော့မယ်။ ငါ့စိတ်တွေ တော်တော်လေး ပင်ပန်းနေပြီ”။ ကျွန်တော် ဘာမှ မပြောဖြစ်တော့။ နှင်းတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး လန်းလန်းဆန်းဆန်း နိုးထနိုင်ပါစေလို့ ဆုတောင်းပေးမိသည်။ သူပြန်သွားပြီး သုံးရက်အကြာမှာ ဖုန်းဆက်ပါသည်။ ပျော်လိုက်တာဗျာ။ အရူးတစ်ယောက်လိုပါပဲ။ စကားတွေ အများကြီး ပြောဖြစ်သည်။ လွမ်းတဲ့အကြောင်း သတိရတဲ့အကြောင်း စုံလို့ပေါ့။ ကျွန်တော့်ကို ဖုန်းမဆက်ဘို့ မှာသည်။ သူကပဲ ဆက်မယ်တဲ့။ သူ့သဘော အတိုင်းပါ။
“လမ်းတွေ ပြင်နေတာဟ။ လမ်းက အရမ်းကြမ်းတယ်။ နင်လာတဲ့အချိန်ပြီးမှာ မဟုတ်သေးဘူး။ နင့်ကို တင်ခေါ်နိုင်ဘို့ ငါ တစ်ပါတ်ကို တစ်ခါလောက် အမောင်းလေ့ကျင့်ရဦးမှာ”
ဒီစကားလေးကို ချစ်စရာလေသံလေးနဲ့ သူပြောသွားခဲ့သည်။ နားထဲက မထွက်။ ချစ်တယ် နှင်းရယ်။ ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်တယ်။

အခန်း (၄)
“၀ုန်း ဒုန်း ဂုန်း ဂလောက် ဂလောက်”။
လေးထပ်ကွေ့တောင် ရောက်လာပြီပဲ။ ဒီကွေ့ကို အရင်ပြင်သင့်သည်။ လမ်းက ကြမ်းကြမ်း၊ အကွေ့အကောက်က များများနဲ့ တော်တော် အန္တရာယ်များတဲ့ နေရာပဲ။ လမ်းကြမ်းမှု့ကြောင့် အတွေးတွေလည်း ရပ်လို့ ၀မ်းနည်းစိတ်ကလည်း ရင်မှာ လာဟတ်လို့ ။ လမ်းက တကယ်ကို ကြမ်းလွန်းသည်။ ဖှုန်တွေနဲ့ ခဲတုံးတွေနဲ့။ မောင်းရတာ ခက်လှသည်။ တစ်ယောက်တည်းတောင် မနည်းထိန်းမောင်းနေရသည်။ လမ်းတစ်ကျောလုံး ပြင်နေသည်။ တစ်ချို့နေရာတွေက ပြီးနေပြီ။ ဒါပေမဲ့ မပြီးသေးတဲ့ နေရာက များသည်။ ဟိုဘက် ရောက်လိုက် ဒီဘက်ရောက်လိုက် ဆင်းသွားလိုက် ပြန်တက်လိုက်။ တင်လိုက် လျော့လိုက်နဲ့။ လုံးချာလိုက်နေသည်။ နှင်းရယ် ဒီလောက်လမ်းကြမ်းနေရင် နင့်ကို ဘယ်မောင်း ခိုင်းမလဲ။ ငါ မောင်းမှာပါ။ ဒီလို မသိလို့ နင့်ကို ပြောလိုက်မိတာပါ။ ရွာရောက်သွားတော့ မနက် ၇း၁၀ မိနစ်။ အဝေးက လှမ်းမြင်လိုက်ရသည်။ နှင်းတို့အိမ်ဝန်းထဲမှာ လူတွေ လူတွေ။ ဘာလုပ်နေကြတာ ပါလိမ့်။ အိမ်ဝန်းထဲ ရောက်သွားတာနဲ့ တစ်ပြိုင်နက် ငိုသံများ ကြားရသည်။ နေပူကလာတဲ့ လူကို အရိပ်ထဲကတိုင် ရင်ဝ ဆီကန်လိုက်သလို ခံစားလိုက်ရသည်။ အန်တီဒေါ်နှင်းဆီက ကျွန်တော့်ကို မြင်တယ်ဆိုရင်….
“နှင်းလေးရယ် သမီး၊ မောင်မောင် လာပြီ။ သမီးတွေ့ချင်တဲ့ မောင်မောင်လာပြီလေ။ ထကြည့်ပါဦးသမီးရယ်။ ထကြည့်ပါဦး”။
အန်တီရဲ့ ငိုသံကြောင့် ကျွန်တော်မသိလိုက်ခင်မှာပဲ မျက်ရည်များက တာရိုးပေါက်သလို တလဟော စီးလာကြသည်။ ဘယ်အချိန်ကတည်းက ရင်ထဲမှာ ငိုနေမှန်းမသိလိုက်တဲ့ မျက်ရည်တွေ။ အန်တီကို သနပ်ခါး တောင်းလိုက်သည်။  ဒဏ်ရာတွေနဲ့ မျက်နှာလှလှလေးပေါ်မှာ ကျွန်တော်ကိုယ်တိုင် သနပ်ခါးသွေးပြီး လိမ်းပေးလိုက်သည်။ ပြီးတော့ မြတ်မြတ်နိုးနိုးနဲ့ နမ်းရှိုက်ပစ်လိုက်သည်။ အနမ်းတွေနဲ့ အတူ မျက်ရည်တွေပါ သူ့ပါးပြင်ပေါ်ကို ဆင်းသွားကြသည်။ ၁၀း၀၀ လောက်မှာ ၀ါဝါ ရောက်လာသည်။ ညရောက်တော့ ကျွန်တော်အိပ်ဘို့အတွက်  နှင်းဘေးမှာပဲ ပြင်လိုက်သည်။ အိမ်အောက်မှာ ညစောင့်တာဝန်ယူတဲ့ လူများက ဖဲကစားနေကြသည်။ ကျွန်တော်ကတော့ နှင်းမျက်နှာလေးကို ကြည့်နေမိသည်။ နောက်နေ့မှာတော့ နှင်းက ဖောက်ပြန်ခြင်းရဲ့ သဘောတရားကို ပြနေပါပြီ။ အနံ့တွေ ပေးနေပြီ။ သနပ်ခါးနံ့တော့ မဟုတ်။ ကိစ္စမရှိ။ ကျွန်တော်ကတော့ နှင်းဘေးမှာ နေမြဲ။ ကျွန်တော့်အ၀တ်တွေမှာတောင် နှင်းရဲ့ အနံ့က ကပ်နေပြီ။ နှမျောတယ် ချစ်တယ်ဆိုတဲ့ အန်တီတို့ ၀ါဝါတို့တောင် အနားမကပ်တော့။ ယင်ကောင်လေးတွေက တ၀ီဝီနဲ့။ စိတ်တိုမိသည်။ ကျွန်တော်တစ်ယောက်လုံး ရှိနေတာကို ဘာလို့ လာကြတာလဲ။ တစ်နေ့တစ်ခြား တရားပြသွားတဲ့ နှင်း။ နောက်ဆုံးတော့ လောကကြီးထဲကတိုင် အပြီးတိုင် ထွက်ခွါသွားတဲ့နှင်း။ နှင်းအတွက် ကူညီပေးနိုင်တာ အားလုံးကို ကူညီပြီး ပြန်ရတော့မည်။ ဆွေမျိုးတွေ အဘိုးတွေ အဖွားတွေဆီကို အလည်ရောက်ဖြစ်သည်။ ဒါပေမဲ့ အရင်ကလိုတော့ မပျော်ခဲ့ပါ။ ရင်ထဲမှာ ခြောက်သွေ့ နွမ်းလျနေသည်။ ပူနေသည်။ ကျွန်တော့်ရင်ထဲက အပူကို နှင်းရဲ့ အေးမြမှု့ဖြင့်သာ ငြိမ်းသတ်နိုင်မည်။ ခုတော့ နှင်းက………။ မနက်ဖြန် ပြန်တော့မည်။ အန်တီဒေါ်နှင်းဆီက သူတို့အိမ်မှာ အိပ်ဘို့ ပြောသည်။ ဖခင်မရှိတော့တဲ့ နှင်းတို့မိသားစု။ မိခင်ရင် နှင်းရယ် ညီမလေး ၀ါဝါရယ်။ ခုတော့ နှင်းက ထွက်သွားပြန်ပြီ။ ကျွန်တော်တို့ သုံးယောက် လဘက်သုတ်စားရင်း စကားပြောနေကြသည်။ အန်တီက……
“နှင်းလေးက ဘာလုပ်တာလဲတော့ မသိဘူး။ တစ်နေ့တစ်ခါ ဆိုင်ကယ်နဲ့ ထွက်ထွက်သွားတာ။ အန်တီမေးတော့ မပြောပြသေးဘူးတဲ့။ မေမေ့ကို မညာပါဘူး ပြောပြသင့်တဲ့ နေ့ကြရင် ပြောပြမယ်တဲ့။ အဲဒီနေ့က အိမ်မှာ လူအရမ်းကျတာပဲ။ တစ်နေ့လုံးနီးပါး ဈေးရောင်းနေရတာ။ အဲဒါ ညနေမိုးချုပ်မှ အားတာလေ။ အပြန်မှ ရေချိုးမယ်လို့ ပြောပြီး မောင်းထွက်သွားတာ သားရယ်”။
ပြောရင်း ပြောရင်း ငိုနေတဲ့ အန်တီ။ ဆက်ပြီး စကားပြောဘို့ အင်းအားတွေ မရှိတော့။ အသံက ပီပြင်စွာ ထွက်မလာ။ ၀ိုးတိုး ၀ါးတားနဲ့။ ၀ါဝါကလည်း တရှုတ်ရှုတ်နဲ့။ နှင်းဘာကြောင့် အဲလိုလုပ်နေလဲဆိုတာ ကျွန်တော်ကလွဲပြီ ဘယ်သူမှ သိမည်မဟုတ်။ ကျွန်တော်ပါ ငိုချင်လာသည်။ နှင်းရယ် ငါ့ကို အဖြေစကားလေးတောင် ပြောမသွားခဲ့ဘူးနော်။ ငါ ရောက်အောင်တောင် စောင့် မနေခဲ့ဘူးနော်။ နင့်ဆီ လာတယ် ဆိုတာကို နင်သိ မသွားတာ အရမ်းခံစားရတယ်။ ဒါပေမဲ့ ငါ ကျေနပ်ပါတယ် နှင်းရယ်။ နင်ပြောခဲ့တဲ့ ဖုန်းဆက်ရင်… ဆိုတာလေ။ ငါ ဘယ်လိုနေရမလဲ နှင်းရယ်။ ငါ့ပယောဂကြောင့်ဆိုတဲ့ စိတ်နဲ့ ငါ ဘယ်လို ရှေ့ဆက်ရမလဲ။ ငါ နှင့်ကို တကယ်ချစ်ခဲ့တာပါဟာ။ နှင်းရေ ဖြစ်လေရာ ဖြစ်လေရာ ဘ၀တိုင်းမှာ ငါလို လူနဲ့ မတွေ့ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ ငါက နင့်ကို ဒုက္ခပေးတဲ့ သူလေ။ နင် ကောင်းရာ သုဂတိဘ၀မှာ ပျော်ရွှင်နိုင်ပါစေ။ ငါကတော့ သနပ်ခါးလေးတွေ မြင်တိုင်း နင့်ကို သတိရနေမှာပါ။

နှစ်ဟောင်းကို ကျော်၊
သင်္ကြန်ပျော် လို့၊
အတော် မြူးခဲ့ကြတယ်။

နှစ်ဟောင်းမှာပဲ ကူးကူး၊
နှစ်သစ်မှာပဲ မြူးမြူး၊
သိပ်မထူး ပါဘူးလေ။

မသေခင် တွဲ၊
သေရင်ခွဲ မယ်၊
အမြဲ ဆိုတာ မရှိဘူး။

မြင်ရင် ခင်တွယ်၊
မမြင်ကွယ် မေ့၊
တကယ် လက်တွေ့ ဘ၀လေ။

နှင်းရေ…….
ကံအကျိုးတရား အတိုင်း၊
လှပတဲ့ ဂုဏ်အသိုင်းအ၀ိုင်းနဲ့၊
ကံကြမ္မာတံတိုင်း ပေါ်မှာ၊
နင် ပျော်ရွှင်နိုင်စေ၊

အားလုံးကို
ခင်မင်စွာဖြင့်
လင်းသူရ
၃.၄.၂၀၁၃

No comments:

Post a Comment

လာရောက်လည်ပတ်သိအတွက် ကျေးဇူးပါ။Nerdbuxမှာ မင်ဘာဝင်ခဲ့ဖို့မမေ့ပါစေနဲ့နော်