ငွေရှာနည်းနှင့်ပတ်သက်သောပို့များ

Thursday, June 20, 2013

တလွဲအတွေး

တလွဲအတွေး

ကလေးငယ်လေး တယောက်က ဖခင်ဖြစ်သူကို ကပ်ပြီး တိုးတိုးလေး မေးတယ်။
“ဖေဖေ…… sex ဆိုတာ ဘာလဲဟင်” တဲ့
ဖခင်ဖြစ်သူဟာ အတော်အဖြေရခက်သွားတယ်။
ကလေးငယ်ရဲ့သိလိုစိတ်ရှိတဲ့ စူးစမ်းမှုကိုလည်း ပိတ်ပင်ငေါက်ငမ်းပြီး မတားမြစ်ချင်ဘူး။
တည့်တည့်ကြီး ပွင့်ပွင့်လင်းလင်း ပြောချလိုက်ဖို့ ကလည်း
ကလေးငယ်ရဲ့ စိတ်ထဲမှာ ညစ်ညမ်းတဲ့ မဖွယ်မရာ စိတ်ကူးတွေ ၀င်သွားမှာ စိုးတယ်။
ဒါနဲ့….
“အေး…..ဒီလိုသားရဲ့။
sex ဆိုတာ လူသားမျိုးနွယ်တွေ ပေါက်ဖွားဖို့အတွက် လိုအပ်တဲ့ ကိစ္စတခုပေါ့ကွာ။
ဒီကိစ္စဟာဆိုရင်…… “ဘာညာဘာညာနဲ့ လျှောက်သွယ်ဝိုက်ပြီး ပြောရတော့တာပေါ့။
ပြီးတော့မှ “ဖေဖေရှင်းပြတာ သဘောပေါက်ရဲ့လား”လို့ မေးတယ်။
ကလေးငယ်ကလည်း ရိုးရိုးသားသားပဲ ဖြေတယ်။
“ဟင့်အင်း” တဲ့
ဒါနဲ့ ဖခင်ဖြစ်သူဟာ နောက်ထပ် ကွေ့ကာဝိုက်ကာနဲ့ ၁၅မိနစ်လောက် ကြာအောင် ထပ်ရှင်းပြတော့လည်း
ကလေးငယ်က သဘောမပေါက်ပြန်ဘူး။
တတိယအကြိမ် ရှင်းပြီးတဲ့ နောက်မှာတော့ ဖခင်ဖြစ်သူက စိတ်မရှည်တော့ဘူး။ တော်တော် စိတ်တိုလာပြီး..
ဒါနဲ့…….
“နေစမ်းပါဦး၊ဘာဖြစ်လို့ မင်းက ဒီလောက်တောင် သိချင်နေရတာလဲ” လို့ မေးလိုက်တော့
ကလေးငယ်က သူ့လက်ထဲက အင်္ဂလိပ်လို ရိုက်ထားတဲ့ ရေကူးအသင်း ၀င်ခွင့် လျှောက်လွှာကို ပြပြီး
“ဟောဒီလျှောက်လွှာထဲမှာ…
Name လို့ ရေးထားတဲ့ ကွက်လပ်မှာ ကျွန်တော့် နာမည်ကို ရေးဖြည့်ရမယ် ဆိုတာကို သိပါတယ်။
Age လို့ ရေးထားတဲ့ ကွက်လပ်ထဲမှာ ကျွန်တော့် အသက်ကို ထည့်ရမယ် ဆိုတာလည်း သိတာပဲ။
ဒါပေမယ့် Sexလို့ ရေးထားတဲ့ ကွက်လပ်မှာတော့ ဘာရေးထည့်ရမှန်း မသိလို့ အဖေရ” တဲ့
ကောင်းရော

Wednesday, June 19, 2013

အမည်မရှိ တေးတစ်ပုဒ်

အခန်း (၁)
“သားရေ မောင်မောင် ဖုန်းလာနေတယ်” ။
စိတ်တိုစရာ ကောင်းလိုက်တာ။ ဘယ်သူများလဲ။ အိပ်ချိန်ကြီးကို။ ဖုန်းမြည်သံတော့ ကြားလိုက်သည်။ အရမ်း အိပ်ချင်နေတာကြောင့် မထမိ။ မေမေရဲ့ အသံကြားမှ တာဝန် မကျေသလို ခံစားလိုက်ရသည်။ ကျွန်တော့်ဖုန်းတဲ့။ ကျွန်တော့် လက်ကိုင်ဖုန်းကို ဆက်ပါတော့လား။ ဘာလို့ အိမ်ဖုန်းကို ဆက်ရတာလဲ။ အချိန်မဟုတ် အခါမဟုတ်။ အမေတို့ အိပ်ပျက်အောင် လုပ်တယ်။ စိတ်တိုတိုနဲ့ ဖုန်းရှိရာသို့ သွားလိုက်သည်။
ဟလို ”
ကျွန်တော့်အသံက တော်တော်လေး မာနေသည်။ မာမှာပေါ့ စိတ်တိုနေတာလေ။ တစ်ဖက်က ပြောလိုက်တဲ့ အသံကြောင့် စိတ်တိုနေတာလေးတောင် ပျောက်သွားခဲ့သည်။ တုန်တုန်ရီရီနဲ့ ချွေးများတောင် စို့လာသည်။ ကြောက်လန့်စိတ်ကလည်း ကျွန်တော့်ရင်ထဲသို့  ၀ုန်း- ဆို တိုးဝင်လာသည်။ တစ်ဘက်က ဖုန်းပြောပြီး ချသွားသည်။ ဟုတ်- ဆိုတဲ့ စကားတစ်လုံးသာ ကျွန်တော့်ပါးစပ်မှ ထွက်ကျသွားခဲ့သည်။ ပါးစပ်ပိတ်နေလို့ မဟုတ်။ အဟောင်းသား ပွင့်နေပါလျှက် စကားလုံးတို့က ထွက်မလာခဲ့။ ဆွံ့အနေခဲ့သည်။ တစ်ဘက်က ပြောသူမှာ …. ရွာက နှင်းနှင်းရဲ့ အမေ ဒေါ်နှင်းဆီဖြစ်သည်။ သူပြောသွားတာက
သားလေး နှင်းလေး ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်လို့။ သားနာမည်ကိုပဲ ခေါ်နေတာ။ ဖြစ်နိုင်ရင် လာပေးပါ သားရယ်။ အန်တီတို့ မကြည့်ရက်လို့ပါ။ ကူညီပါနော်” - တဲ့။
နာရီ ကြည့်လိုက်သည်။ ည ၁၂း ၃၄ မိနစ်။ အိပ်ချင်စိတ်လည်း မရှိတော့။ အိပ်လို့လည်း ရမှာ မဟုတ်တော့ဘူး။ ငိုချင်သလို ၀မ်းနည်းသလိုလိုနဲ့။ ရင်ထဲမှာ ဘယ်လို ခံစားရမှန်းမသိဘူး။ ဒါနဲ့ မေမေ့ကို နှိုးပြီး ခရီးသွားဘို့  ပြောပြလိုက်သည်။ မနက်မှ သွားဘို့ မေမေက တားနေသည်။ ဘယ်လောက်အရေးကြီးတယ်ဆိုတာ မေမေ မသိ။ သိအောင်လည်း မပြောချင်။ မေမေသာ သိရင် အရမ်း ခံစားရလိမ့်မယ်။ ချက်ခြင်းပဲ ထွက်လာခဲ့သည်။ တော်သေးသည် ဆိုင်ကယ် ဆီ အပြည့်ရှိနေလို့။ နောက်ပြီး ဗူးကြီးတစ်ဗူးကို ဆီအပြည့်ဖြည့်လိုက်သည်။ လိုအပ်ရင် အသုံးပြုနိုင်အောင်ဖြစ်သည်။ ၀ူးးးးးးးးး- ဆို မောင်းထွက်လိုက်တဲ့ ကျွန်တော့်ကို မေမေ စိတ်ပူနေပေလိမ့်မည်။ စိတ်ပူရင်မောပြီး ကျန်နေခဲ့လိမ့်မည်။ ခွင့်လွှတ်ပါ မေမေ။ မေမေ အရမ်းချစ်တဲ့ နှင်းနှင်းလေ။ သူ အက်ဆီးဒင့်ဖြစ်နေတာတဲ့။ သားကို ခွင့်လွှတ်ပါ မေမေရယ်။ မေမေ စိတ်မကောင်းဖြစ်မှာ စိုးလို့ မပြောပြခဲ့တာပါ။ ကျွန်တော့်မျက်စိထဲမှာ နှင်းနှင်းရဲ့ မျက်နှာလေးပဲ မြင်ယောင်နေမိသည်။ ကျုံးဘေးက သင်္ကြန်မဏ္ဍပ်များကို မြင်လိုက်တော့ နှင်းနှင်းကို ပိုလို့ ပိုလို့ သတိရမိသည်။ သတိရလိုက်တာ နှင်းရယ်။ စိတ်ပူလိုက်တာ။ နင် ဘာမှ မဖြစ်ပါစေနဲ့။ မန္တလေး စစ်ကိုင်း မုံရွာ ပြီးတော့ ပြီးတော့ ပြီးတော့။ မြို့တွေ။ ညနက်ချိန်မို့ ထင်ပါရဲ့။ အိပ်မောကျနေလိုက်တာ။ တိတ်ဆိတ်လို့။ အိပ်နိုင်သူတွေ အိပ်နေကြပေမဲ့ သွားလာနေသူတွေလည်း လှုပ်လှုပ်ရွရွ သွားလာနေကြသည်။ ကျွန်တော်လည်း မအိပ်နိုင်သူ တစ်ယောက်။ သာမာန်သွားလာ လှုပ်ရှားနေတာမျိုးမဟုတ်။ ရင်ဘတ်ကြီးတစ်ခုလုံး မီးဟုန်ဟုန်တောက်ပြီး ပြေးနေသူ။ စိတ်မောနေသူ။ မြန်လွန်းတဲ့ အရှိန်ကြောင့် တိုက်ခတ်လားတဲ့ လေတွေက ကြမ်းတမ်းလွန်းသည်။ တမင်များ ကြမ်းပြနေရော့ သလား။ အိပ်မောကျနေတဲ့ သစ်ပင်များက ကျွန်တော့်ကို မကြည်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြသည်။ မတတ်နိုင်။ သူတို့ကို တမင် နှောက်ယှက်လိုစိတ် မရှိခဲ့တာ အမှန်။ ကြယ်လေးတွေက ကျွန်တော့်ကို အဖော်ပြုပေးနေသည်။ ကျေးဇူးပါ ကြယ်လေးတို့ရယ် ငါ့ကို ကြည့်နေပေးပါ။ စောင့်ရှောက်ပေးကြပါနော်။ ရိတ်ခနဲ ရိတ်ခနဲ ဖြတ်ကျော်လာခဲ့တဲ့ မိုင်တွေ မနည်းတော့ဘူး။
အခန်း (၂) 
“ဟလို”
“ပြောပါ”
“မောင်မောင်လား”
“ဟုတ်ပါတယ်၊ ဘယ်သူလဲ မသိဘူး”၊
“၀ါဝါ ပါ”၊
“အော် ၀ါဝါ ၊ အေးပြော၊ နင် ဘာတွေလုပ်နေတာလဲ၊ ဖုန်းမဆက်တာတောင် ကြာပြီနော်။ ဘဲဘဲတွေနဲ့ ပျော်ပြီး ငါ့ကို မေ့နေတယ် ထင်တယ်”။
“မောင်မောင်နော်၊ လျှောက်လျှောက်မပြောနဲ့၊ မေမေနဲ့ မမသိရင် ငါ့ကို သတ်နေဦးမယ်”၊
“အေးပါ စတာပါ၊ နင် ခုမှ ဘာအရူးထပြီး ဖုန်းဆက်တာလဲ”၊
“မမက ဖိတ်စာကဒ်တို့ လိပ်စာကဒ်တို့ လုပ်နည်းရယ်၊ ဓာတ်ပုံပြင်နည်းရယ် သိချင်လို့တဲ့၊ သင်တန်းတက်မယ်ဆိုရင်လည်း အချိန်က အကြာကြီး မပေးနိုင်ဘူးလေ၊ သူက အဓိကအချက်လေးတွေ သိချင်တာ၊ ပြီးမှ သူ့ဘာသာ ဆက်ပြီး လေ့လာမယ်တဲ့၊ အဲဒါ နင်အားရင် ကူညီပေးပါဦး ”။
“အော် အေးပါ၊ ငါ သိသလောက်တော့ ရပါတယ်”၊
“တကယ်နော်၊ မမက … နေ့မှာ လာမှာ၊ နင့်ဆီ လွှတ်လိုက်မယ်နော်”၊
“အေးအေး”၊
“မောင်မောင် အကုန်သင်ပေးလိုက်နော်”၊
“ဟားးးးးးးးးး တကယ်လား”
“ဟာ နင်ကလည်း သူသိချင်တဲ့ ကွန်ပျူတာဆိုင်ရာကို ပြောတာ၊ ပေါက်ကရ တွေးမနေနဲ့”၊
“ခိခိ ၊ အေးပါဟ၊ ငါကလည်း အဲဒါကို ပြောတာပါ၊ နင့်ဘာသာ လိုရာဆွဲတွေးမနေနဲ့”၊
“အံမယ် နင်က ပြောရတယ် ရှိသေး၊ အဲဒါဆို ဒါပဲ၊ မမလာရင် နင့်ဆီ လွှတ်လိုက်မယ်”၊
“အေးအေး”၊
ဒီလိုနဲ့ နောက် (၅) ရက်လောက် ကြာတော့ နှင်းနှင်းရောက်လာသည်၊ ဆွေမျိုးမတော်ပေမဲ့ ခင်သည်၊ ရွာက ဆွေမျိုးများနဲ့လည်း နှင်းနှင်းတို့မိသားစုက ခင်မင်ရင်းနှီးသည်၊ ရောက်လာတယ်ဆိုရင်ပဲ သူသိချင်သည့် အချက်များကို ပြောပြ သင်ပြပေးရသည်။ ကျွန်တော်ပြောသမျှကို ဗလာစာအုပ်လေးနဲ့ လိုက်ရေးသည် မှတ်ထားသည်။ သူ့ရဲ့ နေပုံထိုင်ပုံ ၀တ်ပုံ ပြောပုံဆိုပုံကို သဘောကျလို့ ကျွန်တော် ပြုံးမိလိုက်တိုင်း သူက
“ဘာရယ်တာလဲ၊ မသိလို့ မှတ်ပါတယ်ဆိုမှ၊ ရှက်လာပြီနော်” - လို့ ပြောတတ်သည်။
ချစ်စရာအမူအရာလေးနဲ့ ကလေးလေး တစ်ယောက်လိုပဲ။ မေမေကလည်း နှင်းနှင်းကို သဘောကျသည်။ သမီးလေး သမီးလေးနဲ့။ ချစ်သည်။ နှင်းနှင်းပျော်နေတာ မြင်ရ တွေ့ရတော့ ကျွန်တော် ပျော်မိသည်။ စိတ်ထဲမှာ တစ်မျိုးပဲ။ ရှော့ကတ်ကီးတွေကို အသုံးပြုတဲ့အခါ သူ့အတွက် တော်တော်လေး ခက်သည်။ သူ့လက်ချောင်းလေးတွေက နည်းနည်းတိုနေသည်။ ၀တုတ်တုတ်လေးတွေပါ။ သူ့ကို လက်တို- လို့ ခေါ်တိုင်း သူ့ဆီက မျက်စောင်းတစ်ချက် ရသည်။ ဒီလိုနဲ့ နေလာကြရင်း တစ်နေ့
“နှင်း နင်က ဘာလို့ သနပ်ခါး မလိမ်းတာလဲ”၊
“ဘာလို့လဲ”၊
“အော် ဘာမှပြော မဟုတ်ပါဘူး၊ နင့်မျက်နှာလေးကို သနပ်ခါးဖွေးဖွေးလေးနဲ့ မြင်ကြည့်မိလို့ပါ၊ ငါ မြင်ကြည့်တဲ့ ပုံစံလေးနဲ့ တစ်ထပ်တည်း ဖြစ်နေမယ် ထင်လို့လေ၊ မြင်ကြည့်ချင်တာပါ၊ သနပ်ခါး ဖွေးဖွေးလေးနဲ့ပေါ့”။
“လိမ်းတော့ လိမ်းတယ်။ ပါးပါးပဲ လိမ်းတာ၊ ထူထူကြီးဆို မနေတတ်လို့”။
“ဒါဆို နင့်ကို ငါပြောပြမယ်နော်။ သေချာ နားထောင်”၊
“ဘာပြောပြမှာလဲ”
“နားထောင်ကြည့်ပေါ့၊ သဘောကျရင် အပြင်မှာ တစ်ခုခု ၀ယ်ကျွေးနော်”၊
“ကဲ ဒါဆိုလည်း ပြော”
မိန်းမမှာ သွေးတဲ့၊ မိန်းကလေးဆိုတာ သွေးသား ကောင်းဘို့ သန့်ဘို့ လိုတယ်။ သနပ်ခါးရဲ့ သတ္တိက မိန်းကလေးတစ်ယောက်ရဲ့ အလှကို ပိုမိုသက်ဝင်စေနိုင်တယ်၊ ပြီးတော့ သနပ်ခါးရဲ့ ဓာတ်သဘာဝက သွေးသားကို သန့်စေတယ်၊ အရေပြား ရောဂါကိုလည်း အလိုလို ကာကွယ်ပေးနိုင်စွမ်းရှိတယ်၊ ပြီးတော့ အနံ့သက် ကောင်းမွန်စေတယ်။ အဲဒါကြောင့် သနပ်ခါးကို လိမ်းစေချင်တာ။ သနပ်ခါးစစ်စစ်ကို ပြောတာနော်”။
“အင်း ပါ။ ဘယ်သူက သနပ်ခါး အတုလိမ်းမှာလဲ၊ တကယ်ပဲတော့”
“ဘာရယ် ဘာရယ် တကယ်ပဲတော့ ဟုတ်လား ၊ အဲဒါမျိုးကြတော့ နင်က ချစ်စရာလေးပဲ ၊ ငါက နင့်ကို ပေစုတ်စုတ် ကောင်မလေး တစ်ယောက်လို့ပဲ မြင်နေတာ”။
“ဘာ နင်နော်”
“အော် နှင်း နင့်ဒါတွေက ရွှေအစစ်တွေလား”၊
သူ့လည်ပင်းက ကြိုးကို သေချာကြည့်ပြီး ပြောလိုက်သည်။ ဘယ်နေရာကို ကြည့်နေတယ် ထင်လဲ မသိဘူး။ သူ့မျက်လုံးတွေက နည်းနည်း ကြောက်နေသလိုပဲ။ နောက်မှ ကျွန်တော်လည်း အတွေးပေါက်ပြီး သူ့လက်ပေါ်က လက်ကောက်သုံးကွင်းကို ထိုးပြလိုက်သည်။
“အစစ်တွေပေါ့။ အတုတွေ ၀တ်မယ့်ရုပ်လား သေချာ ကြည့်ပြော ဟွန်း”။
“ဟာ နှင်းကလည်း၊ ငါက ရွှေရဲ့ သတ္တိလေးကို ပြောပြမလို့ပါ”။
“သိလှချည်းလား နင်က”
“ဒီလိုပါပဲ။ ဟဲဟဲ။ ထားပါတော့။ ရွှေကလည်း သနပ်ခါးလိုပဲဟ၊ ရွှေဝတ်ထားတယ်ဆိုရင် သွေးသားသန့်စေတယ်၊ အရေပြားရောဂါကို ကာကွယ်ပေးနိုင်တယ်။ ကြွားတာတော့ မကြိုက်ဘူး။ ဒါပေမဲ့ အိမ်မှာ နေတဲ့အခါဆိုရင်တော့ ရွှေအစစ်ကို ၀တ်ထားတာ ကောင်းတယ်။ ကျန်းမာရေးအတွက်လေ။ သနပ်ခါးလည်း လိမ်းထားတာ ကောင်းတယ်။ ကဲ လေများနေကြတယ်။ဒီလောက်နဲ့ ရပ်ကြအောင်။ ဒီနေ့ သင်ရမယ့်အရာတွေကို သင်ကြတာပေါ့”။
 နောက်တစ်နေ့ နှင်းရောက်လာချိန်မှာ ကျွန်တော် တော်တော်လေး ပျော်နေမိသည်။ သူ့ပါးပြင်မှာ သနပ်ခါး အဖွေးသား မြင်နေရလို့။ စာစီစာရိုက်သင်လိုက် ဓာတ်ပုံ ဘက်ဂရောင်းပြောင်းတာ ပုံပြင်တာ သင်လိုက်။ သူက မသိတာလေးတွေကို ရေးမှတ်လိုက်နဲ့ပေါ့။ နှင်းရဲ့ ပါးပြင်လေးကို လက်ကလေးနဲ့ ထိကြည့်ချင်သည်။ တို့ကြည့်ချင်သည်။ ဒါပေမဲ့ မထိရဲ မတို့ရဲခဲ့။ သူ စာရေး မှတ်နေတုန်း သူ့ပါးပြင်လေးနားထိ ကျွန်တော့်လက်က ရောက်သွားသည်။ သူက ထိတ်ကနဲ ကြည့်လိုက်သည်။ ကျွန်တော့်လက်က သူ့ပါးကို မထိ။ ရပ်နေ မိသည်။ ဘာဆက်လုပ်ရမှန်း မသိဘူး။ တစ်ယောက်ကို တစ်ယောက်ကြည့်နေမိကြသည်။
“မောင်မောင် အဲဒါ ဘာလုပ်တာလဲ”
သူ့အသံလေးက တုန်လှုပ်နေသည်။ သူ့ကို စကားပြန် မပြောမိ။ သူ့မျက်ဝန်းတွေကို စိုက်ကြည့်နေလိုက်သည်။ သူ မနေတတ်။ ပြန်တော့မယ်လို့ ပြောသည်။ ကျွန်တော့်ရင်ထဲမှာ ဟာ သွားသည်။ ဘယ်လို နေရမှန်းမသိ။ မထူးတော့ပြီမို့ ပြန်ဘို့ ပြင်နေတဲ့ သူ့ကို ဆွဲဖက်ရင်း သူ့ပါးလေးကို ဖွဖွလေး နမ်းလိုက်မိသည်။
“မောင်မောင် ငါ မကြိုက်ဘူးနော်၊ နောက်နေ့ မလာတော့ဘူး”
သူ့ကို ကြည့်နေရုံမှ တစ်ပါး ဘာစကားမှ မပြောမိ။ ကျွန်တော့်ရင်ခွင်ထဲက ရုန်းထွက်ဘို့ သူကြိုးစားသည်။ ဒါပေမဲ့ အရာ မထင်ခဲ့။ သူက ရုန်းလိုက်တိုင်း ကျွန်တော့်အနမ်းတွေသာ ရရ သွားသည်။ မတတ်နိုင်။ မ၀တဲ့ သနပ်ခါးနံ့လေးကို အကြိမ်ပေါင်းများစွာ နမ်းရှိုက်ပစ်လိုက်သည်။ ခြေသံ ကြားလို့ သူကံဆိုးသွားသည်။ ကျွန်တော့် အနမ်းတွေကို မရတော့ဘူးလေ။ ခိ။ မေမေ လာတာ။ စားစရာ လာပေးတာလေ။ ကျွန်တော်တို့ အမူအရာတွေက နည်းနည်းပျက်နေသည်။ မေမေက
“ဘာဖြစ်နေကြတာလဲ သားနဲ့ သမီးက၊ မျက်နှာလည်း မကောင်းပါလား”
“ဘာမှ မဖြစ်ပါဘူး မေမေ။ သားက သူ့မကြိုက်တာကို စလိုက်တာလေ။ အဲဒါ စိတ်ကောက်နေတာ”။
“အော် ဖြစ်ရမယ်။ ဒီကလေး နှစ်ယောက်ကတော့။ ကလေးလေးတွေ ကြနေတာပဲ။ စားလိုက်ကြဦး”။
မေမေ ပြန်သွားတော့ စကားလည်း မပြောဖြစ်ကြ။ ဆက်ပြီးလည်း မသင်ဖြစ်ကြ။ တစ်ယောက်နဲ့ တစ်ယောက် ရှိန်တိန်တိန် ပူတူတူတွေ ဖြစ်နေကြသည်။ ဘာမပြော ညာမပြောနဲ့ နှင်းက ပြန်သွားသည်။ စိတ်ပူလိုက်တာ။ အမြန်းမောင်းထွက်သွားတဲ့ နှင်းကို စိတ်ပူလို့ ရူးတော့မယ်ဗျာ။  နှင်းက သူ့ဦးလေးအိမ်မှာ တည်းတာပါ။ မိနစ်နှစ်ဆယ်လောက် မောင်းရသည်။ အိမ်ပြန်ရောက်လောက်တဲ့အချိန်ကို မှန်းပြီး ဖုန်းဆက်လိုက်သည်။ သူ ပြန်ရောက်နေပြီတဲ့။ ခုမှပဲ စိတ်အေးရသည်။ ရင်မောလိုက်တာ နှင်းရယ်။
အခန်း (၃) 
ဒီနေ့ မလာတော့ဘူးတဲ့။ လွမ်းလိုက်တာ။ သူ့ကို မနမ်းပါဘူး။ လာပေးပါလို့ တောင်းတောင်းပန်ပန်နဲ့ ပြောတော့ သူစဉ်းစားမယ်တဲ့။ ကျွန်တော်သူ့ကို ဘယ်လောက်ထိ လွမ်းနေ သတိရနေတယ်ဆိုတာ သူမသိဘူး။ သူလည်း သတိရနေတယ် ထင်ပါရဲ့။ ညနေပိုင်းမှာကျွန်တော့်ဆီကို ရောက်လာခဲ့တယ်။ ပျော်လိုက်တာဗျာ။ ဒါပေမဲ့ သူ့ကို မနမ်းတော့ပါဘူး။ သူ့ပါးက သနပ်ခါးလေးကို ကြည့်ရင်း ကြည်နူးနေခဲ့ရတာပေါ့။ ဒီလိုနဲ့ နေလာလိုက်တာ ၇- လောက်ရှိသွားပြီ။ မနက်ဖြန်ဆို သူပြန်တော့မှာပဲ။ ကျွန်တော်လွမ်းရပြီ။ ဘယ်လို လုပ်ရမလဲ မသိ။ မေမေ့ကို ပြောကြည့်သည်။ မေမေက သူလည်း နှင်းကို ချစ်တယ်တဲ့။ သမီးအရင်းလိုကို ချစ်တာတဲ့။ အဆင်ပြေသွားပြီ။ နှင်းလာရင် ဖွင့်ပြောမည်။ ကျွန်တော်အရမ်းပျော်နေသည်။ ဒါပေမဲ့ နှင်းက တော်တော်နဲ့ ရောက်မလာဘူး။ ရွာအတွက် လိုအပ်တာတွေ သွားဝယ်နေတာတဲ့။ သူရောက်လာတော့ ညနေ တော်တော်လေး အချိန်လင့်နေပါပြီ။ လာနှုတ်ဆက်တာပါတဲ့။ ကျွန်တော် ဘာစကားမှ မပြောနိုင်တော့ဘူး။ ရောက်တယ်ဆိုရင်ပဲ သူ့ခါးလေးကို တင်းကျပ်နေအောင် ဖက်ထားလိုက်သည်။ မြွေမြို ခံထားရတဲ့ ဖားလေးလို ရုန်းရှာသည်။ သနားတော့ သနားမိသား။ သူ့ပါးက သနပ်ခါးလေးများကို တစ်မှုန်ခြင်း ပဲ့ချွေနေမိသည်။ သူမျက်ဝန်းတွေက မျက်ရည်ဥလေးတွေ တွဲခိုလာသည်။ သနားမိသည်။ မေးကြည့်တော့
“ဘာလို့ အဲလိုလုပ်တာလဲ။ နှင်းကိုယ့်ကျင့်တရားကို စော်ကားသလို ခံစားရတယ်။ နှင်းကို အထင်သေးပြီး အခွင့်အရေး ယူနေသလိုပဲ”။
“ဟာ မဟုတ်ရပါဘူး နှင်းရယ်။ တကယ်ကို မြတ်မြတ်နိုးနိုးနဲ့ နမ်းခဲ့တာပါ”။
“ချစ်တယ်လည်း မပြော၊ ကြိုက်တယ်လည်း မပြောပဲနဲ့”၊
“အော် နှင်းရယ်။ ငါ့မျက်ဝန်းတွေကတိုင် ငါ့ရင်ထဲအထိ ကြည့်ကြည့်ပါလား”။
“မကြည့်ချင်ပါဘူး။ နင်က ငါ့ကို တစ်ချိန်လုံး ကြည့်နေတာ”။
“အဲဒါ ဘာလို့ ကြည့်တာလဲ သိလား”
“မသိတတ်ဘူး”
“တကယ်လား”
“အင်း”
“နင်ကသာ မသိတတ်တာ။ ငါက နင့်ကို လွမ်းတယ်ဟ။ သတိရတယ်။ နင်ပြန်သွားမှာကို တားထားချင်တယ်”။
“ရွာလာခဲ့”
“နှင်း သင်္ကြန်လာခဲ့ပါလား”
“မလာချင်ဘူး၊ ရွာလာခဲ့”
“နင် လာကြိုမှာလား”
“အင်း”
“နင် မောင်းရမှာနော် ၊ ငါက အငြိမ်ထိုင်လိုက်မှာ”
“ဟင် ပြောင်းပြန်ကြီး”
“မရပါဘူး။ ငါ နင့်ကို ခါးဖက်ထားချင်တာ၊
ဘယ်လိုလည်း၊ နင်လာကြိုမယ် နင်မောင်းမယ်ဆိုရင် ရွာလာခဲ့မယ်”
“အင်းပါ၊ လာခဲ့။ ငါပြန်တော့မယ်။ လွှတ်တော့။ ဦးလေးက နောက်ကျနေရင် ဆူနေအုံးမယ်။ နှုတ်ဆက်ဘို့ ခဏဆိုပြီး ထွက်လာတာ
“အင်းပါ။ နှင်း ငါနင့်ကို ချစ်တယ်”
“နင် တကယ် ပြောတာလား”
“တကယ်ပေါ့ဟ”
“ငါနင့်ကို စိတ်နာတယ် မောင်မောင်ရယ်။ ငါ့ကို ဘယ်ယောက်ျားလေးကမှ ထိဖူးတာ မဟုတ်ဘူး။ ထိဖူးတော့လည်း ရည်စားစကား တစ်ခွန်းမှ မပြောပဲ ထိခံလိုက်ရတယ်။ နမ်းခံလိုက်ရတယ်။ တွေးတွေးပြီး ငါ အရမ်း ငိုခဲ့ရတာ။ ဒါပေမဲ့ ငါနင့်ဆီကို လာချင်နေတယ် ဟ”။
ပြောပြောဆိုဆိုနဲ့ ငိုနေတဲ့ နှင်းကို ကျွန်တော့်ရင်ခွင့်ထဲမှာ ပိုလို့ ပိုလို့ ထွေးပွေ့ထားမိသည်။ သူ့မျက်ရည်များကို သုတ်ပေးနေမိသည်။ ကျွန်တော့်ကို သူသေသေချာချာကြည့်နေသည်။ သူ့နှုတ်ခမ်းလေးကို လက်မလေးနဲ့ ထိလိုက်ပြီး
“ရွာမှာတွေ့ရင် ငါ့ကို ချစ်တယ်လို့ ပြောပါနော်။ မေမေ့ကိုလည်း ပြောထားတယ်။ နင့်ကို ချစ်တဲ့အကြောင်းပေါ့။ နင် စဉ်းစားပါ။ စဉ်းစားပြီးရင် ငါ့ကို ချစ်တယ်ဆိုတဲ့ စကားလေးကို လေးလေးနက်နက် ပြောပေးပါ။ အဲဒီအချိန်ကြရင် နင့် ဒီနှုတ်ခမ်းလေးကို ငါ့ကို အပိုင်ပေးပါနော်”။ ကျွန်တော့်အသံတွေ တုန်ခါနေသည်။ နှစ်ကိုယ်ကြား ကြားရုံလေးသာ။ သူက ဘာမှ ပြန်မပြော။ ကျွန်တော့်ရင်ထဲကတိုင် အတင်းရုန်းထွက်ပြီ ပြန်သွားသည်။ ညရောက်တော့ ကျွန်တော် ဖုန်းဆက်လိုက်သည်။ သူ့စကားသံတွေက နည်းနည်း စိမ်းနေသလိုပဲ။ “မောင်မောင် နင့်ကို ငါ လက်ခံလိုက်ရင် ငါ့ကို တစ်မျိုးမြင်ကြ မလားမသိဘူး။ ငါ့ကို ပတ်ဝန်းကျင်က ပြောမှာ ကြောက်တယ်။ ငါ ခံနိုင်မှာ မဟုတ်ဘူး။ ငါ့ စိတ်တွေ ဘယ်လိုဖြစ်နေမှန်း မသိဘူး။ ငါ့စိတ်တွေ ငြိမ်မှ နင့်ကို ဖုန်းပြန်ဆက်လိုက်မယ်နော်။ နင့်ကို ဖုန်းဆက်ခဲ့မယ်ဆိုရင် နင့်ကို ချစ်တယ်လို့ အဖြေရော ပါပြီးသားလို့ နင် မှတ်ယူနိုင်ပါတယ်။ ခုတော့ ငါ နားတော့မယ်။ ငါ့စိတ်တွေ တော်တော်လေး ပင်ပန်းနေပြီ”။ ကျွန်တော် ဘာမှ မပြောဖြစ်တော့။ နှင်းတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး လန်းလန်းဆန်းဆန်း နိုးထနိုင်ပါစေလို့ ဆုတောင်းပေးမိသည်။ သူပြန်သွားပြီး သုံးရက်အကြာမှာ ဖုန်းဆက်ပါသည်။ ပျော်လိုက်တာဗျာ။ အရူးတစ်ယောက်လိုပါပဲ။ စကားတွေ အများကြီး ပြောဖြစ်သည်။ လွမ်းတဲ့အကြောင်း သတိရတဲ့အကြောင်း စုံလို့ပေါ့။ ကျွန်တော့်ကို ဖုန်းမဆက်ဘို့ မှာသည်။ သူကပဲ ဆက်မယ်တဲ့။ သူ့သဘော အတိုင်းပါ။
“လမ်းတွေ ပြင်နေတာဟ။ လမ်းက အရမ်းကြမ်းတယ်။ နင်လာတဲ့အချိန်ပြီးမှာ မဟုတ်သေးဘူး။ နင့်ကို တင်ခေါ်နိုင်ဘို့ ငါ တစ်ပါတ်ကို တစ်ခါလောက် အမောင်းလေ့ကျင့်ရဦးမှာ”
ဒီစကားလေးကို ချစ်စရာလေသံလေးနဲ့ သူပြောသွားခဲ့သည်။ နားထဲက မထွက်။ ချစ်တယ် နှင်းရယ်။ ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်တယ်။

အခန်း (၄)
“၀ုန်း ဒုန်း ဂုန်း ဂလောက် ဂလောက်”။
လေးထပ်ကွေ့တောင် ရောက်လာပြီပဲ။ ဒီကွေ့ကို အရင်ပြင်သင့်သည်။ လမ်းက ကြမ်းကြမ်း၊ အကွေ့အကောက်က များများနဲ့ တော်တော် အန္တရာယ်များတဲ့ နေရာပဲ။ လမ်းကြမ်းမှု့ကြောင့် အတွေးတွေလည်း ရပ်လို့ ၀မ်းနည်းစိတ်ကလည်း ရင်မှာ လာဟတ်လို့ ။ လမ်းက တကယ်ကို ကြမ်းလွန်းသည်။ ဖှုန်တွေနဲ့ ခဲတုံးတွေနဲ့။ မောင်းရတာ ခက်လှသည်။ တစ်ယောက်တည်းတောင် မနည်းထိန်းမောင်းနေရသည်။ လမ်းတစ်ကျောလုံး ပြင်နေသည်။ တစ်ချို့နေရာတွေက ပြီးနေပြီ။ ဒါပေမဲ့ မပြီးသေးတဲ့ နေရာက များသည်။ ဟိုဘက် ရောက်လိုက် ဒီဘက်ရောက်လိုက် ဆင်းသွားလိုက် ပြန်တက်လိုက်။ တင်လိုက် လျော့လိုက်နဲ့။ လုံးချာလိုက်နေသည်။ နှင်းရယ် ဒီလောက်လမ်းကြမ်းနေရင် နင့်ကို ဘယ်မောင်း ခိုင်းမလဲ။ ငါ မောင်းမှာပါ။ ဒီလို မသိလို့ နင့်ကို ပြောလိုက်မိတာပါ။ ရွာရောက်သွားတော့ မနက် ၇း၁၀ မိနစ်။ အဝေးက လှမ်းမြင်လိုက်ရသည်။ နှင်းတို့အိမ်ဝန်းထဲမှာ လူတွေ လူတွေ။ ဘာလုပ်နေကြတာ ပါလိမ့်။ အိမ်ဝန်းထဲ ရောက်သွားတာနဲ့ တစ်ပြိုင်နက် ငိုသံများ ကြားရသည်။ နေပူကလာတဲ့ လူကို အရိပ်ထဲကတိုင် ရင်ဝ ဆီကန်လိုက်သလို ခံစားလိုက်ရသည်။ အန်တီဒေါ်နှင်းဆီက ကျွန်တော့်ကို မြင်တယ်ဆိုရင်….
“နှင်းလေးရယ် သမီး၊ မောင်မောင် လာပြီ။ သမီးတွေ့ချင်တဲ့ မောင်မောင်လာပြီလေ။ ထကြည့်ပါဦးသမီးရယ်။ ထကြည့်ပါဦး”။
အန်တီရဲ့ ငိုသံကြောင့် ကျွန်တော်မသိလိုက်ခင်မှာပဲ မျက်ရည်များက တာရိုးပေါက်သလို တလဟော စီးလာကြသည်။ ဘယ်အချိန်ကတည်းက ရင်ထဲမှာ ငိုနေမှန်းမသိလိုက်တဲ့ မျက်ရည်တွေ။ အန်တီကို သနပ်ခါး တောင်းလိုက်သည်။  ဒဏ်ရာတွေနဲ့ မျက်နှာလှလှလေးပေါ်မှာ ကျွန်တော်ကိုယ်တိုင် သနပ်ခါးသွေးပြီး လိမ်းပေးလိုက်သည်။ ပြီးတော့ မြတ်မြတ်နိုးနိုးနဲ့ နမ်းရှိုက်ပစ်လိုက်သည်။ အနမ်းတွေနဲ့ အတူ မျက်ရည်တွေပါ သူ့ပါးပြင်ပေါ်ကို ဆင်းသွားကြသည်။ ၁၀း၀၀ လောက်မှာ ၀ါဝါ ရောက်လာသည်။ ညရောက်တော့ ကျွန်တော်အိပ်ဘို့အတွက်  နှင်းဘေးမှာပဲ ပြင်လိုက်သည်။ အိမ်အောက်မှာ ညစောင့်တာဝန်ယူတဲ့ လူများက ဖဲကစားနေကြသည်။ ကျွန်တော်ကတော့ နှင်းမျက်နှာလေးကို ကြည့်နေမိသည်။ နောက်နေ့မှာတော့ နှင်းက ဖောက်ပြန်ခြင်းရဲ့ သဘောတရားကို ပြနေပါပြီ။ အနံ့တွေ ပေးနေပြီ။ သနပ်ခါးနံ့တော့ မဟုတ်။ ကိစ္စမရှိ။ ကျွန်တော်ကတော့ နှင်းဘေးမှာ နေမြဲ။ ကျွန်တော့်အ၀တ်တွေမှာတောင် နှင်းရဲ့ အနံ့က ကပ်နေပြီ။ နှမျောတယ် ချစ်တယ်ဆိုတဲ့ အန်တီတို့ ၀ါဝါတို့တောင် အနားမကပ်တော့။ ယင်ကောင်လေးတွေက တ၀ီဝီနဲ့။ စိတ်တိုမိသည်။ ကျွန်တော်တစ်ယောက်လုံး ရှိနေတာကို ဘာလို့ လာကြတာလဲ။ တစ်နေ့တစ်ခြား တရားပြသွားတဲ့ နှင်း။ နောက်ဆုံးတော့ လောကကြီးထဲကတိုင် အပြီးတိုင် ထွက်ခွါသွားတဲ့နှင်း။ နှင်းအတွက် ကူညီပေးနိုင်တာ အားလုံးကို ကူညီပြီး ပြန်ရတော့မည်။ ဆွေမျိုးတွေ အဘိုးတွေ အဖွားတွေဆီကို အလည်ရောက်ဖြစ်သည်။ ဒါပေမဲ့ အရင်ကလိုတော့ မပျော်ခဲ့ပါ။ ရင်ထဲမှာ ခြောက်သွေ့ နွမ်းလျနေသည်။ ပူနေသည်။ ကျွန်တော့်ရင်ထဲက အပူကို နှင်းရဲ့ အေးမြမှု့ဖြင့်သာ ငြိမ်းသတ်နိုင်မည်။ ခုတော့ နှင်းက………။ မနက်ဖြန် ပြန်တော့မည်။ အန်တီဒေါ်နှင်းဆီက သူတို့အိမ်မှာ အိပ်ဘို့ ပြောသည်။ ဖခင်မရှိတော့တဲ့ နှင်းတို့မိသားစု။ မိခင်ရင် နှင်းရယ် ညီမလေး ၀ါဝါရယ်။ ခုတော့ နှင်းက ထွက်သွားပြန်ပြီ။ ကျွန်တော်တို့ သုံးယောက် လဘက်သုတ်စားရင်း စကားပြောနေကြသည်။ အန်တီက……
“နှင်းလေးက ဘာလုပ်တာလဲတော့ မသိဘူး။ တစ်နေ့တစ်ခါ ဆိုင်ကယ်နဲ့ ထွက်ထွက်သွားတာ။ အန်တီမေးတော့ မပြောပြသေးဘူးတဲ့။ မေမေ့ကို မညာပါဘူး ပြောပြသင့်တဲ့ နေ့ကြရင် ပြောပြမယ်တဲ့။ အဲဒီနေ့က အိမ်မှာ လူအရမ်းကျတာပဲ။ တစ်နေ့လုံးနီးပါး ဈေးရောင်းနေရတာ။ အဲဒါ ညနေမိုးချုပ်မှ အားတာလေ။ အပြန်မှ ရေချိုးမယ်လို့ ပြောပြီး မောင်းထွက်သွားတာ သားရယ်”။
ပြောရင်း ပြောရင်း ငိုနေတဲ့ အန်တီ။ ဆက်ပြီး စကားပြောဘို့ အင်းအားတွေ မရှိတော့။ အသံက ပီပြင်စွာ ထွက်မလာ။ ၀ိုးတိုး ၀ါးတားနဲ့။ ၀ါဝါကလည်း တရှုတ်ရှုတ်နဲ့။ နှင်းဘာကြောင့် အဲလိုလုပ်နေလဲဆိုတာ ကျွန်တော်ကလွဲပြီ ဘယ်သူမှ သိမည်မဟုတ်။ ကျွန်တော်ပါ ငိုချင်လာသည်။ နှင်းရယ် ငါ့ကို အဖြေစကားလေးတောင် ပြောမသွားခဲ့ဘူးနော်။ ငါ ရောက်အောင်တောင် စောင့် မနေခဲ့ဘူးနော်။ နင့်ဆီ လာတယ် ဆိုတာကို နင်သိ မသွားတာ အရမ်းခံစားရတယ်။ ဒါပေမဲ့ ငါ ကျေနပ်ပါတယ် နှင်းရယ်။ နင်ပြောခဲ့တဲ့ ဖုန်းဆက်ရင်… ဆိုတာလေ။ ငါ ဘယ်လိုနေရမလဲ နှင်းရယ်။ ငါ့ပယောဂကြောင့်ဆိုတဲ့ စိတ်နဲ့ ငါ ဘယ်လို ရှေ့ဆက်ရမလဲ။ ငါ နှင့်ကို တကယ်ချစ်ခဲ့တာပါဟာ။ နှင်းရေ ဖြစ်လေရာ ဖြစ်လေရာ ဘ၀တိုင်းမှာ ငါလို လူနဲ့ မတွေ့ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ ငါက နင့်ကို ဒုက္ခပေးတဲ့ သူလေ။ နင် ကောင်းရာ သုဂတိဘ၀မှာ ပျော်ရွှင်နိုင်ပါစေ။ ငါကတော့ သနပ်ခါးလေးတွေ မြင်တိုင်း နင့်ကို သတိရနေမှာပါ။

နှစ်ဟောင်းကို ကျော်၊
သင်္ကြန်ပျော် လို့၊
အတော် မြူးခဲ့ကြတယ်။

နှစ်ဟောင်းမှာပဲ ကူးကူး၊
နှစ်သစ်မှာပဲ မြူးမြူး၊
သိပ်မထူး ပါဘူးလေ။

မသေခင် တွဲ၊
သေရင်ခွဲ မယ်၊
အမြဲ ဆိုတာ မရှိဘူး။

မြင်ရင် ခင်တွယ်၊
မမြင်ကွယ် မေ့၊
တကယ် လက်တွေ့ ဘ၀လေ။

နှင်းရေ…….
ကံအကျိုးတရား အတိုင်း၊
လှပတဲ့ ဂုဏ်အသိုင်းအ၀ိုင်းနဲ့၊
ကံကြမ္မာတံတိုင်း ပေါ်မှာ၊
နင် ပျော်ရွှင်နိုင်စေ၊

အားလုံးကို
ခင်မင်စွာဖြင့်
လင်းသူရ
၃.၄.၂၀၁၃

Monday, November 19, 2012

ကျွန်မ မောင့်ကို ချစ်သည်။

ကျွန်မ မောင့်ကို ချစ်သည်။

ကျွန်မ    : လက်တစ်ဝါးစာ ရင်ဘတ်ကလေးနဲ့ မိုးကောင်ကင်လောက် ခံစားသူ။
မောင်    : ကျွန်မ မပိုင်ဆိုင်သော ကျွန်မ၏ ဒုတိယအသက်။
ချစ်သည်    : ချစ်သည်ဟု ဆိုရာဝယ် “အချစ်” ဆိုသည့် စကားကို ထပ်မံညွှန်းဆိုရန် လိုမည် ထင်သည်။
အချစ်    : လူအမျိုးမျိုး၊ စိတ်အထွေထွေ တွင် အချစ်သည် အဓိပ္ပါယ်အမျိုးမျိုးဖြင့် ရပ်တည်နေပါလိမ့်မည်။

တစ်ချို့က အချစ်ဆိုတာ ချိုလဲချို၊ ခါးလဲခါး၊ မာလဲမာ၊ ပျော့လဲပျော့၊ ပူလဲပူ၊ အေးလဲအေးသည်ဟု ဆိုသည်။ တစ်ယောက်ကလဲ အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းဟု ပြောသည်။ ပေးဆပ်လိုက်ရသူ တစ်ယောက်ကလည်း အချစ်ဆိုတာ စွန့်လွှတ်ခြင်းဟု၍ ပြောပါလိမ့်မည်။ အချစ်ဆိုတာ ရေခဲတုံးလိုပဲ စားခဏမှာ အေးပြီး ရင်ထဲရောက်ရင် ပူတယ်ဟု ဆိုသူက ဆိုပြန်သည်။ အချို့သော သူတွေအတွက်တော့ အချစ်ဟာ ခွန်အားတစ်ခု ဖြစ်သလို အချို့အတွက်တော့ အချစ်ဟာ နတ်ဆိုးတစ်ပါး ဖြစ်နေလေရဲ့။

အချစ်ဟူသည် ပေးဆပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ ရှုံးနိမ့်ခြင်း၊ ကျဆုံးခြင်း၊ လဲပြိုခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်း၊ အေးမြခြင်း၊ ပူလောင်ခြင်း၊ ......

ကျွန်မအတွက်တော့ အချစ်သည် “အချစ်” သာ ဖြစ်သည်။ ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုချက်မျိုးမှ မပါဝင်သော “အချစ်” သပ်သပ်သာ ဖြစ်သည်။

မောင့်အတွက် ..... ကျွန်မ၏ အချိန်များ ပေးဆပ်ခဲ့သည်။ ကျွန်မ၏ ပေးဆပ်မှုများကို မောင် အသိအမှတ်ပြုသည် ဖြစ်စေ လှစ်လျှုရှုသည် ဖြစ်စေ.. ကျွန်မ မောင့်ကို ချစ်ပါသည်။
မောင့်အတွက် ..... ကျွန်မ၏ မာနများ၊ အတ္တများ စွန့်လွှတ်ခဲ့သည်။ ကျွန်မ၏ စွန့်လွှတ်မှုများကို မောင် ကြည့်မြင်ခဲ့သည် ဖြစ်စေ၊ မျက်နှာလွှဲသည် ဖြစ်စေ.. ကျွန်မ မောင့်ကို ချစ်ပါသည်။
မောင့်ဆီမှ ..... “ချစ်တယ်” ဟုသော စကားကို ကျွန်မ ရယူပိုင်ဆိုင်ခဲ့သည်။ မရခဲ့လျှင်လည်း ကျွန်မ မောင့်ကို ချစ်ပါသည်။
မောင့်အပါးတွင် ..... ကျွန်မ၏ “ငါ” ဟုသော မာန်များ ကျဆုံးခဲ့သည်။ ရှုံးနိမ့်ခဲ့သည်။ ထိုသည်ကို သူ နားမလည်သော်လည်း ကျွန်မ မောင့်ကို ချစ်ပါသည်။

မောင့်၏ ဂရုစိုက်၊ ကြင်နာမှုများအတွက် ကျွန်မ ၀မ်းမြောက်၊ ပျော်ရွှင်ခဲ့သည်။ မောင်၏ နေနိုင်စိမ်းကားမှုများအတွက် ကျွန်မ လဲပြိုကြေကွဲခဲ့သည်။ မောင်၏ အပြုံးပွင့်များအတွက် ကျွန်မ အေးမြကြည်နူးခဲ့သည်။ မောင်၏ မာထန်သော စကားတို့ အောက်တွင် ကျွန်မ ပူပြင်းလောင်မြိုက်ခဲ့သည်။ ဘယ်လိုပင် ဖြစ်ပါစေ ကျွန်မ မောင့်ကို ချစ်သည်။ မည့်သည်အရာမျှ မပါဝင်သော ချစ်ခြင်းသပ်သပ်ဖြင့်သာ ကျွန်မ မောင့်ကို ချစ်သည်။

လူသားထဲက လူသားတစ်ယောက်ဖြစ်သော ကျွန်မတွင် တခြားသော သူများကဲ့သို့ အတ္တစိတ်လေးများ ရှိသည်။ ဖြစ်နိုင်လျှင် ဒေါင်းတစ်တွန်၊ စွန်တစ်ဝဲစာ ချစ်သူ မောင့်၏ အပါးတွင် နေလိုပါသည်။ မောင့်လက်မောင်းကို တွဲခိုကာ ယုယစကားများ မိနစ်တိုင်းရဲ့ စက္ကန့်တိုင်းမှာ ပြောနေချင်ပါသည်။ မောင့်ရဲ့ ရင်ခွင်ရိပ်အောက်မှာ အေးမြလုံခြုံစွာ နားခိုလိုပါသည်။ မောင်နှင့်အတူ နွေးထွေးသော မိသားစုလေးတစ်ခုအား ဖန်တီးပျိုးထောင်လိုပါသည်။

မောင့်ကို ကျွန်မ ချစ်မြတ်နိုးသလို မောင့်ဖက်မှလဲ ကျွန်မတစ်ဦးတည်းကိုသာ ချစ်ခင်စေလိုသည်။ ကျွန်မ၏ အပါးတွင်သာ ရှိနေစေချင်သည်။ သို့သော် ထိုအခွင့်အရေးများ ရယူလိုသော ကျွန်မ၏ အတ္တထက် မောင့်၏ လွတ်လပ်ပျော်ရွှင်မှုကို ကျွန်မ ပိုပြီး မျှော်လင့်ပါသည်။ မောင့် ဆန္ဒတစ်ခုတည်းဖြင့် ကျွန်မ၏ အတ္တများ ချိုးနှိမ်လိုက်နိုင်သည်။ ကျွန်မ ပိုင်ဆိုင်သော အတ္တများထက် မောင့်ကို ကျွန်မ ချစ်ပါသည်။

မောင့်အပေါ် ထားရှိသော ကျွန်မ၏ ချစ်ခြင်းတွင် အချိန် မလိုအပ်ပေ။ မည့်သည့်ခေတ်ကာလသို့ ရောက်ရှိသည် ဖြစ်စေ၊ မည့်သည် ယဉ်ကျေးမှုတွေ ထွန်းကားသည် ဖြစ်စေ၊ ဝေးကွာရသော အချိန်နာရီတွေ မည်မျှ များပြားသည် ဖြစ်စေ ကျွန်မ မောင့်ကို ချစ်နေ၍ ရသည်။ ထို့အတူ နေရာလဲ မလိုအပ်ပေ။ မောင် မည့်သည့်အရပ်တွင် နေထိုင်သည် ဖြစ်စေ၊ မည်သည့် ဒေသတွင် ရောက်ရှိသည် ဖြစ်စေ၊ မောင်နှင့် ကျွန်မ အကြား မိုင်တွေ မည်မျှ ဝေးကွာသည် ဖြစ်စေ ကျွန်မ မောင့်ကို ချစ်နေ၍ ရသည်။

မောင့်ဘ၀ ရပ်တည်နေထိုင်မှုအတွက် ကျွန်မ နောက်တွန့်မှာ မဟုတ်သလို မောင်၏ ပိုင်ဆိုင်မှုများအတွက် ကျွန်မ၏ ချစ်ခြင်း ပြောင်းလဲမည် မဟုတ်ပေ။ ကျွန်မ ဟုသော အမှတ်နှင့် မောင် ဟုသော အမှတ်တို့ အကြား  ချစ်ခြင်းတစ်ခုသာ ရှိ၍ မောင်၏ နောက်ကွယ်မှ အရိပ်များကို စောင်းငဲ့ကြည့်ဖို့ ကျွန်မ စိတ်မ၀င်စားပါ။ မောင့်ထံတွင် ကျွန်မကဲ့သို့သော အမှတ်များ မည်ရွေ့မည်မျှ ရှိနေမည်ဆိုသည်ကိုလဲ ကျွန်မ မေးမြန်းသိရှိလိုစိတ် မရှိပါ။ မောင့် နှုတ်ခမ်းအစုံမှ “ချစ်တယ်” ဟုသော စကားတစ်ခွန်း ကျွန်မအတွက် တွဲလွဲခိုနေသရွေ့ မောင်၏ ချစ်သူမှာ ကျွန်မသာလျှင် ဖြစ်သည်ဟု ကျွန်မ ခံယူသည်။ သို့မဟုတ်ခဲ့လျှင်လည်း ကျွန်မ မောင့်ကို ချစ်ပါသည်။

ကျွန်မ၏ နှလုံးအိမ်အတွင်းဝယ် မောင့်အတွက် ချစ်ခြင်းမေတ္တာများ ပြည့်ဝနေသော်လည်း မောင့်၏ ဦးစားပေးစာရင်းတွင် နံပါတ်ခုနှစ် နေရာ၌ တည်ရှိရခြင်းအပေါ် ကျွန်မ ငြူစူစရာ အကြောင်း မရှိခဲ့ပါ။ မည်သို့သော အကြောင်းအချင်းအရာတွေ ရှိနေသည် ဖြစ်စေ...  မောင်၏ ”ချစ်တယ်” ဟုသော စကားတစ်ခွန်းနှင့် ကျွန်မ ကျေနပ်ရောင့်ရဲနိုင်သည်။

ချစ်တိုင်းလဲ လက်ထပ်ဖို့ မဖြစ်သလို လက်ထပ်တိုင်းလဲ အချစ် မဖြစ်ဘူး ဒါပေမယ့် ချစ်သူတိုင်းကတော့ လက်ထပ်ဖို့ ရည်ရွယ်ပြီး ချစ်ခဲ့ကြတာချည်း ဖြစ်သည်။ သို့သော်...
မတူညီသော နယ်ပယ်အသိုင်းအ၀ိုင်းတွင် ကွဲပြားခြားနားသော ရပ်တည်မှုတို့ဖြင့် ရှင်သန်နေထိုင်နေကြသော ကျွန်မနှင့် မောင်၏ အကြားတွင် “ဆုံနိုင်ခွင့်” ဟုသည် ရာခိုင်နှုန်း နည်းပါးသော ဖြစ်နိုင်ချေတစ်ခုပင် ဖြစ်သည်။

ဆိုခဲ့ပြီးသလို အချစ်သည် အချစ်သပ်သပ်သာ ဖြစ်သည်ဟု ခံယူထားသည့်အတွက်.. တစ်ယောက်တစ်နေရာစီနေပြီး ပေါင်းဆုံနိုင်ခြင်း မရှိသည့်တိုင်အောင် ကျွန်မ မောင့်ကို ချစ်နေမည်သာ ဖြစ်သည်။ ကျွန်မ၏ အချစ်သည် ချိပ်မဟုတ်သည့်အပြင် မောင်ကလဲ ကျွန်မအတွက် မီးတောက်တစ်ခု မဟုတ်သည့်အတွက် “မီးဝေး ချိပ်မာ” ဟုသော စကားမှာ မောင်နှင့် ကျွန်မအတွက် အကျုံးဝင်မည် မဟုတ်ပေ။

ကျွန်မရင်ထဲက ချစ်ခြင်းမေတ္တာများကို မောင့်အနေဖြင့် အလုံးစုံ ယုံကြည်မှုပေးနိုင်ဖို့ မသေချာသော်လည်း မောင့်၏ နှုတ်ထွက်စကားတစ်ခွန်းတည်းဖြင့် ဘ၀တစ်သက်လုံးစာ ကျွန်မ မောင့်ကို ယုံကြည်ပါသည်။ ထိုယုံကြည်မှုနှင့်အတူ.. ကျွန်မ မောင့်ကို ချစ်ပါသည်။

အချစ်

အချစ်

အချစ် ဆိုသည်မှာ လူ့ခံစားချက် နှင့် တွေ့ထိမှု အမျိုးမျိုးပါဝင်ပြီး အလွန် ပြင်းထန်သော စွဲလမ်းမှုကို ခေါ်သည်။ မြန်မာ့ ဓလေ့ထုံးစံတွင် တဏှာပါသော ၁၅၀၀ အချစ် နှင့် တပ်မက်ခြင်းကင်းသော ၅၂၈ အချစ် ဟူ၍ နှစ်မျိုး ခွဲထားသည်။ ၎င်းအချစ်နှစ်မျိုး အပြင် တိရစ္ဆာန်၊အရာဝတ္ထု၊ အကြောင်းအရာများကို ချစ်သော အချစ်များလည်းရှိသေးသည်။ ထိုကွဲပြားသော အဓိပ္ပါယ်များအပြင် ဖေါ်ပြရန် ခက်ခဲသော စိတ်ခံစားမှုများ အတွင်းမှ အချစ် ဆိုသော အခက်ခဲဆုံး စိတ်ခံစားမှုကြောင့် အချစ် ကို ဖွဲ့ဆိုသတ်မှတ်ရာတွင် အမြဲပင် ကွဲလွဲမှုများ ရှိသည်။

အခြေခံအားဖြင့် အချစ်သည်မှာ အခြားသူ တစ်ယောက်ကိုဖေါ်ပြ၍ မရနိုင်လောက်အောင် အလွန်ပြင်းထန်သော ကြင်နာခြင်း ခံစားမှု တစ်မျိုးပင်ဖြစ်သည်။ အချစ်ကို ဤမျှ တိုတောင်းသော အဓိပ္ပါယ်ဖွင့်မှုပင် များစွာသော စိတ်ခံစားမှုများ ကို ကိုယ်စားပြုပြီး တပ်မက်ခြင်း မှသည် အထိအတွေ့ အချစ် (romantic love) တဖန် ပလေတို အချစ် ခေါ် လိင်ကိစ္စ မပါသော အချစ် တို့ပါ သက်ရောက်နိုင်ပြီး တစ်ယောက်တည်းမှသည် အများသို့လည်း ရည်ရွယ်နိုင်သည်။ အချစ်ကို ပုံစံမျိုးစုံဖြင့် ပြုကျင့်ကျပြီး စိတ်၏ ဗဟို ဖြစ်သောကြောင့် လူမှုရေးတွင် အဓိက ကျပြီး အနုပညာ (creative art) တွင် အမြဲပါဝင်သည်။

အဓိပ္ပာယ်ဖွင့်ချက်များ
အချစ်ဟု ဆိုရာတွင် အကြောင်းအရာပေါ် မှုတည်၍ ကွဲပြားသော်လည်း ဆက်စပ်နေသော အဓိပ္ပာယ်များကို ရည်ညွှန်းသည်။ ယဉ်ကျေးမှု ကွာခြားမှု၊စိတ်၏ ခံစားမှုကို လိုက်၍ အချစ်၏ အဓိပ္ပာယ် ကွာခြားမှုများကြောင့် တကမ္ဘာလုံး အတွက် ကိုက်ညီမည့် အဓိပ္ပာယ် မရရှိနိုင်ပေ။
အချစ်၏ မူလသဘောကြောင့် အဓိပ္ပာယ် ဖွင့်ဆိုရာတွင် မကြာခဏ ညှင်းဆိုကြသော်လည်း အချစ်ကို အချစ်မဟုတ်သည် များနှင့် ရှင်းပြနိုင်သည်။ အချစ်သည် အလွန်ကြိုက်သော သဘောရှိပြီး အမုန်း နှင့် ဆန့်ကျင်ဖတ်ဟု ဆိုကြသည်။ အချစ်သည် တဏှာ မဟုတ်ပဲ လိင်ဆန္ဒ နည်းပြီး၊ ခင်တွယ်သော စိတ်ခံစားမှုအတွင်းမှ ပေါ်ပေါက်လာသည်။ သို့သော် အလွန်ခင်သော သူငယ်ချင်းနှင့်ကားမတူပေ။ ထိုအပြင် သူငယ်ချင်းအချစ်ကား သပ်သပ်ဖြစ်သည်။
နာမ်သဘောဖြစ်သော အချစ်သည် ရှုပ်ထွေးပြီး အချစ် ဒဿနများတွင် ဆိုရိုးဆန်ဆန် အဓိပ္ပာယ်ဖွင့်ချက်များ ရှိခဲ့လေရာ၊ ကျော်ကြားသော ၎င်းစာသားတို့မှာ ဘီဂျယ်၏ "အချစ်သည် အရာရာကို အောင်မြင်သည်" (Love conquers all), ဗီတယ်၏ "အချစ်သာလိုသည်" (All you need is love) နှင့် ဘာတရံ ရုဇ်ဆယ်၏ နှိုင်းရှင်ခြင်း မဟုတ်သော "အတိုင်းမဲ့ အချစ်" (absolute value) တို့မှာ ထင်ရှားသည်။
ပုဂ္ဂိုလ်ရေး မပါသော အချစ်
လူတစ်ယောက်သည် တိုင်းပြည်၊ လူမျိုး(သို့)ရည်မှန်းချက်တို့ကို တန်ဖိုးကြီးကြီးထား၍ မြတ်မြတ်နိုးနိုး ချစ်နိုင်သည်။ ထို့အတူ ဝီကီ ဝိုင်းတော်သား တို့ကဲ့သို့ အနစ်နာခံကာ ကူညီသော အပျော်တန်း အလုပ်သမားတို့၏ အချစ်သည်လည်း တစ်ခါတစ်ရံ လူ့ချစ်ခြင်းမှ မမွေးဖွားသော်လည်း မြင့်မြတ်သော အာဇာနည်ဆန်သော ခံစားမှုများနှင့် ရောထွေး၍ ပုဂ္ဂိုလ်ရေးမပါသောအချစ်များ ဖြစ်ပေါ်နိုင်သည်။ လူတို့သည် အရာဝတ္ထု၊ အိမ်မွေးတိရစ္ဆာန်(သို့မဟုတ်) လုပ်ငန်းဆောင်တာ များကိုလည်း တွယ်ဖက်မိလျှင် ချစ်သွားနိုင်သည်။ အကယ်၍ ၎င်းတွင် လိင်ကိစ္စ ပါခဲ့လျှင် အချစ်လွန် (Paraphilia) အဆင့် ရောက်သည်ဟု ခေါ်သည်။

လူ့အချစ်

လူအချင်းချင်း ချစ်သော အချစ်ကို လူ့အချစ် (Interpersonal love) ဟုခေါ်သည်။ ၎င်းသည် ကြိုက်ခြင်းထက် ခံစားမှု ပိုကဲသည်။ တစ်ဖက်သက် အချစ် ဆိုသည်မှာ အပြန်အလှန် မရှိသော ချစ်ခြင်းကို ခေါ်သည်။ လူ့အချစ် သည် လူမှုရေးနှင့် များစွာ ဆက်စပ်သည်။ ၎င်းအချစ်ကို မိသားစု၊ သူငယ်ချင်း နှင့် လင်မယားကြားတို့တွင် ဖြစ်ပေါ်ပေမည်။ လူ့အချစ် ကြောင့် erotomania ကဲ့သို့ စိတ်ဝေဒနာ များစွာတို့လည်း ဖြစ်နိုင်သည်။
သမိုင်းတစ်လျှောက်တွင် ဒဿန နှင့် ဘာသာရေး တို့သည် အချစ် သဘောကို အလွန် တွေးဆခဲ့ပေသည်။ ၂၀ ရာစု နှစ်တွင် အချစ်နှင့် ပတ်သက်၍ စိတ်ပညာ တွင် အများအပြား ရေးသားခဲ့သည်။ နောက်ပိုင်းနှစ်များတွင် အဆင့်ဆင့် ပြောင်းလဲခြင်း စိတ်ပညာ (evolutionary psychology)၊ အဆင့်ဆင့် ပြောင်းလဲခြင်း၊ မနုဿဗေဒ၊ ဦးနှောက်ဗေဒ (neuroscience) နှင့် ဇီဝဗေဒ များသည်လည်း အချစ်၏ သဘာဝ နှင့် လုပ်ငန်းတို့ကို လေ့လာသည်။

အချစ် ဓာတု သဘောကို ရိုးရှင်းစွာ ပြပုံ
ဇီဝဗေဒသည် လိင်ကိစ္စကို အချစ်ဟု မြင်ပြီး ဆာလောင်ခြင်း တို့ကဲ့သို့ နို့တိုက် သတ္တဝါ တို့၏ တွန်းအားဟု မြင်သည်။ အချစ် အကြောင်းတွင် ထိပ်တန်းဖြစ်သော Helen Fisher သည် အချစ် တွေ့ကြုံမှုကို ထက်ဆက်နေသော အပိုင်းသုံးပိုင်း တဏှာဖြစ်တည်မှု၊ ဆွဲငင်မှု၊ တွဲမက်မှု ဟု၍ ပိုင်းခြားထားသည်။ လူတို့၏ ဖေါ်ပြခြင်းများကြောင့် တဏှာဖြစ်တည်ပြီး၊ အချစ် ဆွဲငင်မှု ဖြစ်ကာ လူတို့၏ စွမ်းအင်များကို မိတ်လိုက်ရာတွင် သုံးပြီး နောက်ဆုံးတွင် မျိုးဆက်သစ်များ ပေါက်ပွားကာ တွဲမက်မှု ဖြစ်စေသည်။
တဏှာသည် မိတ်လိုက်ခြင်းကို အားပေးသော ပြင်းပြသည့် လိင်ဆန္ဒကို ဖြစ်ပေါ်စေပြီး၊ testostrone နှင့် estrogen ကဲ့သို့ ဓာတု ဓာတ်ပစ္စည်းများ ပိုမို ထွက်လေသည်။ ၎င်းအကျိုးသက်ရောက်မှုသည် ရက်တပတ် သို့မဟုတ် လ အနည်းငယ် ကာလအပိုင်းအခြားတစ်ခုထိ ကြာသည်။ အချစ် ဆွဲငင်မှု သည် ပုဂ္ဂိုလ်တစ်ဦးတစ်ရောက် အတွက်သာ ရွေးချယ်၍ မိတ်လိုက်ရန် အချစ်စိတ် ဖြစ်ပေါ်ပြီး ၎င်းအချစ်စိတ်သည် အမှန်တကယ် မိတ်လိုက်ပြီးသောအခါ လျော့ကျသွားပြန်သည်။ မကြာသေးမှီက ဦးနှောက်ဗေဒ (neuroscience) လေ့လာတွေ့ရှိချက်အရ လူတစ်ရောက်ချစ်မိလျှင် ဦးနှောက်သည် ဓာတု ဓာတ်ပစ္စည်းများ ဖြစ်သည့် pheromones၊ dopamine၊ norepinephrine နှင့် serotonin တို့ အဆက်မပြတ် ထုတ်လုပ်ပေးသည်။ ၎င်းတို့သည် အဖီတမင်း ကဲ့သို့ ဦးနှောက်၏ သာယာမှု အထွတ်အထိပ် (pleasure center) ကို ဆွပေးပြီး နှလုံးခုန်နှုန်း မြန်ကာ စိတ်လှုပ်ရှားခြင်းနှင့်အတူ အစား၊ အအိပ် ပျက်စေသည်။
တဏှာဖြစ်တည်မှု နှင့် အချစ်ဆွဲငင်မှု မှာ ခဏတာ ဖြစ်ပေါ်ရန်ရှိပြီး တတိယ အဆင့်မှာ ရေရှည် ဆက်ဆံရေးအတွက် ရည်ရွယ်သည်။ ဆွဲငင်မှု သည် နှောင်ကြိုး တစ်မျှင်ဖြစ်ပြီး ဆက်ဆံရေးကို အားပေးပြီး နှစ်များစွာ ကြာနိုင်သည်။ နှောင်ကြိုးများကို လက်ထပ်ခြင်း နှင့် သားဆက်များ သို့မဟုတ် အပြန်အလှန် ဆက်ဆံရေးများက နှစ်ဦးနှစ်ဖက် လိုအပ်ချက်အလိုက် ချည်နှောင်ထားသည်။ ၎င်းတို့သည် တိုတောင်းသော ဆက်ဆံရေးများထက် အဆင့်မြင့်သည့် ဓာတု ပစ္စည်းများဖြစ်သော oxytocin နှင့် vasopressin တို့ကို သုံးသည်။ လူများ ချစ်ကျွမ်းဝင်စတွင် nerve growth factor (NGF) ခေါ် ပရိုတိန်း မော်လီကျူးများ ပိုမိုထွက်ရှိပြီး တစ်နှစ်အကြာတွင် မူလအခြေသို့ ပြန်ကျသွားသည်ကို Pavia University မှ အီတာလံ သိပ္ပံပညာရှင် များက ၂၀၀၅ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။
စိတ်ပညာ သဘော
စိတ်ပညာသည် အချစ်ကို သိမှု (cognitive) နှင့် လူမှုရေး သဘာဝ အဖြစ် သရုပ်ဖော်သည်။ စိတ်ပညာရှင် Robert Sternberg သည် အချစ် တြိဂံ သီအိုရီ (triangular theory of love) ကို ရေးဆွဲခဲ့ပြီး အချစ်သည် နီးစပ်ခြင်း၊ သံဒိတ်ဌာန် ချခြင်း (commitment) နှင့် အရူးအမူး ဖြစ်ခြင်း (passion) သုံးမျိုး ပါဝင်ကြောင်း ငြင်းဆိုပြုခဲ့သည်။ နီးစပ်ခြင်း သည် လူနှစ်ယောက် ကိုယ်ရေးကိုယ်တာ ကိစ္စများကို ပြောပြပြီး မိမိဘဝ အကြောင်းကို အဆုံးတိုင် ဖွင့်ဟသည်။ နီးစပ်ခြင်းသည် လူမှု ဆက်ဆံရေး နှင့် အချစ်ကိစ္စများတွင် ပေါ်လွင်သည်။ သံဒိတ်ဌာန် ချခြင်း မှာ တစ်နည်းအားဖြင့် ဆက်ဆံရေးသည် ရေရှည်မည်ဟု မျှော်လင့်ခြင်းပင် ဖြစ်သည်။ နှောက်ဆုံး အချစ်၏ ထုံးစံမှာ လိင်စိတ် နှင့် အရူးအမူးဖြစ်ခြင်း ပင်ဖြစ်သည်။ အရူးအမူး အချစ်သည် ရိုမန်းတစ် အချစ်ကဲ့သို့ အတတ်အကျ ရှိသည်။ အချစ် အားလုံးကို ၎င်းသုံးခု အချိုးပြောင်းလည်း၍ ပေါင်းစပ်ခြင်း ဖြင့် ရရှိနိုင်သည်။ အမေရိကန် စိတ်ပညာရှင် Zick Rubin ကမူ အချစ်ကို စိတ်တိုင်းတာမှုများ (psychometrics) ဖြင့် သက်မှတ်သည်။ သူ၏ အဆိုအရ ၎င်းသုံးခုမှာ စွဲလမ်းခြင်း၊ ယုယခြင်းနှင့် နီးစပ်ခြင်း ဟုဆိုသည်။
အဖိုနှင့်အမ ဆွဲငင်သည့် လျှပ်စစ် နိယာမ တစ်ခုဖြစ်သော Coulomb's law ကို ဆက်စပ်၍ လူ၏အချစ်ကို "ဆန့်ကျင်ဖတ်မှ ဆွဲငင်သည်" ဟု ချဲထွန်ကြသည်။ ၎င်းအဆိုကို ပြီးခဲ့သော ရာစုနှစ်ကြာအောင် လေ့လာခဲ့ကြပြီး နောက်ဆုံးတွင် ၎င်းမှာ မမှန်ပဲ လူတို့သည် အကြိုက်တူရာသာ ရွေးချယ်လေ့ရှိကြသည်။ သို့သော် ဆန့်ကျင်ဖတ်ကို လိုလားသော အရာတစ်ခုမှာ ကိုယ်ခံအား စနစ်ဖြစ်ပြီး မျိုးမတူသူတို့ ပေါင်းစပ်လျှင် ခုခံအား ပို၍ ကောင်းလေသည်။
ယဉ်ကျေးမှု အမြင်
မြန်မာ
မြန်မာတို့သည် အချစ်ကို အလွန် တန်ဖိုးထားကြပြီး နောက်ဆုံးတွင် သက်ဆုံးတိုင် အတူတကွ ပေါင်းသင်ရန် ရည်ရွယ်သည်။ မြန်မာတို့သည် အချစ်ကို ဝင်ခံဖွင့်ဟဝန်ခံရာတွင် အချိန်ယူ စဉ်းစားလေ့ရှိပြီး အချိန်ကြာမြင့်စွာလည်း ချစ်ကြသည်။ သုံးနှစ်သုံးမိုး ချစ်ခွင့်ရရန်စောင့်ဆိုင်းနိုင်သည် ဟု ဂုဏ်ယူတတ်ကြသည်။ ခုမြင်ခုကြိုက် ဆိုသော အချစ်ကို လက်ခံကြသော်လည်း အခုတစ်ယောက် နောက်တစ်ယောက်ကား မပြောင်းလဲတတ်ကြပေ။ မြန်မာတို့၏ အချစ်သည် ကြင်နာသော သဘောကို ဆောင်ပြီး လိင်ဆန္ဒကို အချစ်တွင် မဖေါ်ထုတ်ကြပေ။
အချစ်ကြီးသူတို့ကို မြန်မာတို့သည် ကိန္နရာ မောင်နှံ နှင့် တင်စားကြသည်။
ဘာသာရေး ရှူဒေါင့်
ခရစ်ယာန်
ခရစ်ယာန် တို့တွင် အချစ်မှာ ဘုရား (God) မှ ဆင်းသက်လာသည်။ ခရစ်ယာန် တို့သည် Gospel of Mark chapter 12, verses 28-34 ဆိုထားသည့် အတိုင်း
Love God with all your heart, mind, and strength and Love your neighbor as yourself are the two most important things in life ဘုရားကို အသည်းနှလုံး၊ စိတ် နှင့် ရှိသမျှ ခွန်အားတို့ 'အစွမ်းကုန် ချစ်ခြင်း နှင့် သူတပါးတို့အား မိမိကိုယ်ကဲ့သို့ ချစ်ခြင်းသည် ဘဝတွင် အရေးကြီးဆုံး ဖြစ်သည်
ဟု ယုံကြည်ကြသည်။
ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာတွင် ကာမ သည် ခံစားမှု ဖြစ်ပြီး အချစ်ကို ကာမတဏှာ ဟု ခေါ်သည်။ ၄င်းအချစ်သည် အတ္တ ဖြစ်သောကြောင့် နိဗ္ဗာန် သို့ရောက်ရာ လမ်းအတွက် အတားအဆီး ဖြစ်သည်။ သို့သော် ကရုဏာ ခေါ် ကြင်နာခြင်း မှာ အခြားသူများ၏ ဒုက္ခဝေဒနာ ခံစားရခြင်းများ ကို သက်သာစေပြီး နိဗ္ဗာန် ရောက်ရန် လိုအပ်သော ဉာဏ်ပညာ တစ်ခုဖြစ်သည်။
မေတ္တာ သည် မြင့်မြတ်သော အချစ်ဖြစ်သည်။ ၎င်းအချစ်သည် မပြောင်းလဲသော သဘောရှိပြီး အနစ်နာခံခြင်းများ ပါဝင်သည်။ မေတ္တာသည် သာမန် အချစ်နှင့် ကွာခြားပြီး မိမိအတွက် ဖြစ်သော စွဲလမ်းခြင်း နှင့် လိင်ကိစ္စ မပါဝင်ပေ။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်တို့သည် မိမိကောင်းစားရေးထက် သူတပါးကောင်းစားရေးကို အားပေးသည်။
 
                               လင်းသူရ

အချစ်

ဘ၀မှာ အချစ်ထက် အရေးကြီးတာတွေ အများကြီးရှိတယ်ဆိုတာ  သိပေမယ့် အချစ်နဲ့

တွေ့တဲ့အခါ နှလုံးသားရဲ့စေခိုင်းရာကို ကျွန်တော်တို့  လုပ်ဆောင်မိခဲ့ကြတယ် .......။

လေးနက်တဲ့ အချစ်က တဘ၀စာ အတွက် ရည်ရွယ်တယ်မဟုတ်လား...ချစ်ခြင်းမေတ္တာ

ဆိုတာ   ရင်ထဲက အလိုလို မွေးဖွားလာတာပါ လိုသလို ပုံသွင်းလို့ရတဲ့အရာ မဟုတ်ပါဘူး

အချစ်ဆိုတာ အကြောင်းပြချက်မရှိဘဲ ချစ်တာဖြစ်တယ်....ဘာကြောင့်ချစ်သလဲဆိုတာ

အတွက် အဖြေမရှိသလို.. ဘာလိုချင်လို့ချစ်တာဆိုတဲ့ လိုချင်တပ်မက်စိတ်လည်းမပါဝင်ဘူး..

ချစ်တယ်  ဆိုတဲ့စကားလုံးက နှစ်လုံးတည်းပါ... ဒါပေမယ့်  သူရဲ့နောက်မှာ  အနာဂတ်

အတွက်မျှော်လင့်ချက်တွေ၊ မြတ်နိုးမှုတွေ ၊ ကြင်နာဂရုစိုက်တတ်မှုတွေ၊ နားလည်မှုတွေ ၊

ယုံကြည်မှုတွေ ၊  အထင်ကြီးလေးစားမှုတွေ ၊  သစ္စာစောင့်သိမှုတွေ ၊  စာနာတတ်မှု၊

အများကြီးပါဝင်ပါတယ်...ချစ်တယ်လို့ ပြောဖို့လွယ်ပေမယ့်.. သူ့နောက်က ပါရှိလာမယ့်

အချက်တွေကိုထည့်သွင်းနိုင်ဖို့က ခက်ပါတယ်...ဒါကြောင့် ချစ်တယ်လို့  ဖွင့်မပြောခင် 

အချစ်နဲ့ အတူ ပါလာရမှာတွေကိုသင်ယူလေ့လာနိုင်ပြီးပြီလား သေချာစဉ်းစားပါ......။

ချစ်သူရည်းစားဆိုတာ သူစိမ်းကနေ ရင်းနှီးသူအဖြစ်၊ ရင်းနှီးသူကနေ ချစ်ခင်သူအဖြစ်

တစ်ဦးကိုတစ်ဦး အချစ်နဲ့ လေးစားခြင်းရှိမှ ဒီအချစ်က ရေရှည်တည်မြဲ မှာဖြစ်တယ်။

ဒီလိုပဲ ချစ်မိတဲ့အခါမှာလည်း ချစ်သူနှစ်ဦးကြားမှာ လိုအပ်တဲ့ နားလည်မှု၊ ကြင်နာမှု၊

သစ္စာရှိမှု၊ ချစ်ခင်ယုယမှု တွေကိုပဲ ရယူပါ။ မလိုအပ်တဲ့ ဆူးညှောင့်ခလုတ်တွေဖြစ်တဲ့

အယုံအကြည် ကင်းမဲ့မှု၊ အထင်လွဲမှု၊သ၀န်တိုတတ်မှု၊ အနေကြာလို့ သွေးအေးတတ်မှု
 
တွေကို ဖယ်ထုတ်လိုက်ပါ။ တကယ့်အချစ်စစ်မှာ ကြင်နာယုယဂရုစိုက်မှု ဆိုတာ ဘယ်
 
အချိန် ဘယ်အရွယ်ရောက်ရောက်  ဘယ်တော့မှ  မရိုးနိုင်တဲ့  ချစ်သူနှစ်ဦးကြားက
 
ကြည်နူးဖွယ်ရာ အဖြစ်အပျက်လေးတွေပါပဲ.....
 
တခါတရံမှာ သူဟာအကြောင်းတခုခုကြောင့် အပြောဆိုးရင်ဆိုးမယ်... ဒေါသထွက်ရင်

ထွက်မယ်...အပြန်အလှန်ပြောဆိုရင် ပြောဆိုမိလိမ့်မယ်...ဒါပေမယ့် ဒါဟာကိုယ့်ကို

မချစ်လို့မဟုတ်ဘူးဆိုတာ နားလည်ပေးထားလိုက်ပါ...စစ်မှန်တဲ့ အချစ်စစ်ဟုတ်

မဟုတ်ဆိုတာ အပေါ်ယံစကားတွေထက် အရေးကြုံတိုင်း သူ့အကျိုးမကြည့်ဘဲ

ကိုယ့်အတွက်ပဲစဉ်းစားပေးတတ်တဲ့သူ့ရင်ထဲကလုပ်ရပ်တွေက သက်သေပြတာပါ...

ချစ်သူရေ...ရန်ဖြစ်လိုက် ပြန်ချစ်လိုက်...ပြန်ချစ်လိုက် ရန်ဖြစ်လိုက်နဲ့ တို့နှစ်ယောက်

လက်တွေ မြဲခဲ့တယ်.... နှစ်ယောက်ကြားမှာ ကတောက်ကဆဖြစ်တာပြဿနာမဟုတ်ပါဘူး...

လျှာနဲ့ သွားတောင် တခါတလေကိုက်မိသေးတာပဲ...ရန်ဖြစ်ပြီး ပြန်မချစ်တာကမှ ပြဿနာပါ...

မင်းစိတ်အခန့်မသင့်တဲ့ အခါ ရန်တွေ့ချင်တွေ့ပါ....ပြီးရင်တော့ ပြန်ချစ်ဖို့ မမေ့လိုက်ပါနဲ့..........

                 လင်းသူရ

ကမ္ဘာပျက်ပုံ

ကမ္ဘာပျက်ပုံ ဖြစ်ဖြစ်သမျှ အရာဝတ္ထုအစုစုသည် တစ်နေ့ကျလျှင် ဧကန်ပျက်ရမည် အနိစ္စတရားသာဖြစ်သည်။ ထို့ကြောင့် သတ္တ၀ါတို့တည်နေရာ ဤကမ္ဘာလောကကြီးလည်း ထို အနိစ္စနယ်တွင် ပါဝင်ရကား ခိုင်မြဲတည်တံ့နိုင်မည်မဟုတ်။ တစ်နေ့ကျလျှင် ဧကန်မုချ ပျက်ရချေမည်။ ကမ္ဘာလောကပျက်ဖို့ရာ အကြောင်းမှာ မီး၊ ရေ၊ လေ အားဖြင့် ၃-မျိုးရှိ၏။ မီးကြောင့်ပျက်စီးရမည့် ကမ္ဘာကြီး၌ ပျက်ချိန်တန်လျှင် ရှေးဦးစွာ နေ ၂-စင်းပေါ်လာ၏။ ရိုးရိုးနေက နေ့အခါထွက်၍ နေသစ်က ညဉ့်အခါ ဆက်လက်တက်လာသဖြင့် ညဉ့်အခါဟု မရှိတော့ပြီ။ ထိုနေအသစ်၏ ပူလောင်မူကြောင့် မြစ်ငယ် ချောင်းငယ်များ၌ ရှိသော ရေတွေ ခြောက်ခန်းရလေတော့ သည်။ ထို့နောက် ၃-စင်းမြောက် နေအသစ်ပေါ် လာပြန်သောအခါ မြစ်ကြီးများ၌ရှိသော ရေတွေခြောက်ခန်း၏။ ၄-စင်းမြောက်နေ ပေါ်လာပြန်လျှင် ဟိမ၀န္တာအတွင်းရှိ အိုင်ကြီး ၇-အိုင်လည်း ခြောက်ခန်းရတော့သည်။ ထို့နောက် ၅-စင်းမြောက်နေ ပေါ်လာပြန်လျှင် သမုဒ္ဒရာ ရေခြောက်ခန်း၏။ ၆-စင်းမြောက်နေ ထွက်လာသောအချိန်မှာ ကမ္ဘာလောက၌ အစိုးအစေးဟူ၍ လုံးဝမရှိတော့။ ၇-စင်းမြောက်နေ ပေါ်လာသောအခါ ဤကမ္ဘာလောကမျိုး တစ်သိန်းမျှ မီးဟုန်းဟုန်းထလျက် ကာလအတော်ကြာလျှင် ကမ္ဘာမြေပြင်မှ ပထမဈာန် ဗြဟ္မာ့ဘုံတိုင်အောင် မီးတောက်မီးလျှံစွဲရကား ဟိမ၀န္တာတောင်၊ မြင့်မိုရ်တောင်၊ စကြ၀ဠာတောင်ကြီးများနှင့်တကွ ငွေ ရွှေ ရတနာ နီလာ မြသား အလွန်ကြီးမားသော ဗိမာန်များလည်း မတိမ်းသာမရှောင်သာ လောင်စာချည်း ဖြစ်ကြရလေတော့၏။ မီးလောင်စာမရှိ၍ မီးတောက်မီးလျှံငြိမ်းလျက် ပြာအမူန့်မဆ မကျန်တော့သည့်အခါကျမှ ကမ္ဘာပျက်ခြင်းကိစ္စ ပြီးတော့သည်။ (ရေဖျက် လေဖျက်ဖို့ အလှည့်ကြုံသည့်အခါ၌လည်း ဆားငန်ရေထိ၍ မြည့်မြည့်ကြေရပုံ၊ လေမုန်တိုင်းကျ၍ မွမွကြေရပုံများကို သိပါလေ။) ပျက်နေရာ အချိန်အခါ ဤသို့ ကမ္ဘာလောကဓာတ်ကြီး၏ ပျက်စီးနေရ အချိန်အခါသည် “နှစ်ပေါင်းမည်မျှကြာသည်”ဟု မခန့်မှန်းနိုင်လောက်အောင်ပင် ကြာ၏။ ၁၀-နှစ်တမ်းမှ တဖြည်းဖြည်းတက်၍ အသက်အသင်္ချေတမ်းသို့ရောက်၊ ထိုအသင်္ချေတမ်းမှ တဖြည်းဖြည်းဆုတ်၍ ၁၀-နှစ်တမ်းသို့ရောက်၊ ဤ တက်ကပ် ဆုတ်ကပ် တစ်စုံကို အန္တရကပ်(အကြားကပ်) ဟုခေါ်၏။ ကမ္ဘာလောကကြီး မီးလောင်၍ ပျက်စီးရာနေရာ အချိန်အခါသည် ထိုအန္တရကပ်ပေါင်း ၆၄-ကပ်မျှကြာသတဲ့။ ထိုကဲ့သို့ ပျက်စီးပြီးနောက် (အိမ်တစ်ဆောင်ကို မီးလောင်ပြီးနောက် အိမ်အသစ်မဆောက်ခင် ပျက်မြဲအတိုင်း တည်နေသကဲ့သို့) ကမ္ဘာအသစ်မတည်ခင် ပျက်မြဲအတိုင်းတည်သော အချိန်လည်း အန္တရကပ် ၆၄-ကပ်မျှပင် ကြာသတဲ့။ သတ္တ၀ါတိုင်း ဗြဟ္မာ့ပြည်မှာ ထိုသို့ ကမ္ဘာပျက်နေတုန်းအခါ ပျက်မြဲတိုင်းတည်နေသော အခါဝယ် သတ္တ၀ါတို့လည်း မီးမလောင်သော အထက်ဗြဟ္မာ့ဘုံသို့ ရောက်နေကြ၏။ “ကမ္ဘာပျက်လိမ့်မည်”ဟု အနှစ်တစ်သိန်းလောက်ကပင် နတ်များကြွေးကြော် ထားကြသောကြောင့် ကြားကြားသမျှ သတ္တ၀ါတွေ ရှေးကလို မမေ့မလျော့နိုင်ကြဘဲ ကုသိုလ်တရား ပွားများ၍ နေကြလေရာ ကမ္ဘာပျက်ခါနီးအခါဝယ် အားလုံးပင် ဗြဟ္မာ့ပြည်သို့ရောက်ဖို့ရန် ဈာန်ကိုရကြလေသည်။ ထို့ကြောင့် နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူမှတစ်ပါး သတ္တ၀ါဟူသမျှ တစ်ကမ္ဘာလျှင် တစ်ခါတော့ ဗြဟ္မာ့ပြည်၌ ဖြစ်ကြ၏။ (နိယတမိစ္ဆာ အယူရှိသူတို့ကား ငရဲသက်မစေ့သေးလျှင် မပျက်သောကမ္ဘာသို့ ပြောင်းရွှေ့၍ ငရဲခံကြရသတဲ့။) အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။